ရုရှားနိုင်ငံ မော်စကိုမြို့မြောက်ပိုင်းရှိ စစ်ထောက်လှမ်းရေးအေဂျင်စီမှ အရာရှိ တဦးဟာ ဇူလိုင် ၂၄ ရက် က ကားဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားနိုင်ငံရဲ့ ကွန်မ်မာဆန့်သတင်းစာက ဖော်ပြ ပါတယ်။
အမည်မသိ စက်ပစ္စည်း တခုကို ဖောက်ခွဲမှုကြောင့် ဖြစ်သွားတဲ့ ပေါက်ကွဲမှုကြောင့် လူ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒါကို ရာဇ၀တ်မှုနဲ့ အမှုဖွင့်ထားကြောင်းလည်း ရုရှားပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
အရာရှိနဲ့ ဘယ်သူဘယ်ဝါ မဖော်ပြထားတဲ့ အမျိုးသမီး တဦးတို့ တိုယိုတာ လင့်ခရူဇာကားထဲကို ဝင်ရောက်ပြီးနောက် မကြာခင်လေးမှာပဲ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းကို ရုရှားမီဒီယာတွေမှာ အခင်းဖြစ်ချိန်က မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်နဲ့ ဖော်ပြခဲ့ပါတယ်။
ဒဏ်ရာရသူဟာ GRU လို့ ကျယ်ကျယ်ပြန့်ပြန့် သိကြတဲ့ ရုရှားဖက်ဒရေးရှင်းရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ပင်မညွှန်ကြားရေးမှူးရုံးမှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့လည်း ကွန်မ်မာဆန့် သတင်းစာမှာ ဆိုထားပါတယ်။
နိုင်ငံပိုင်သတင်းဌာန TASS ကတော့ ပေါက်ကွဲမှုမှာ အရာရှိ တဦးနဲ့ ဇနီးတို့ ဒဏ်ရာ ရရှိခဲ့ကြောင်းနဲ့ ပေါက်ကွဲမှုကြောင့် အဲဒီအမျိုးသားရဲ့ ခြေထောက်တွေ လွင့်ထွက်သွားခဲ့ကြောင်း ဖော်ပြပါတယ်။
ပေါက်ကွဲမှုကြောင့် တခြားကား ၅ စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း အေဂျင်စီက ပြောကြား ခဲ့ပါတယ်။
Source-Reuters