ရုရှားတပ်ဖွဲ့တွေဟာ ယားရက်စ်လို့ ခေါ်တဲ့ ရွေ့လျားနိုင်တဲ့ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်ပစ် စင်တွေပါတဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတယ်လို့ ရုရှားမီဒီယာတွေက ဇူလိုင် ၂၃ ရက်မှာ ဖော်ပြပါတယ်။
ဒါဟာ တလမပြည့်မီ အချိန်အတွင်း ဒုတိယအကြိမ် လေ့ကျင့်မှုပါ။ ရုရှားနိုင်ငံဟာ မဟာမိတ် ဘဲလာရုစ် နိုင်ငံနဲ့အတူ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ ဖြန့်ကြက် လေ့ကျင့်ပြီးနောက် နှစ်လမပြည့်မီ ဇူလိုင်လအစောပိုင်းမှာ မတူတဲ့ ဒေသနှစ်ခုမှာ အလားတူ လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။
ထိပ်ဖူးအများကြီးပါတဲ့ ဒုံးကျည်စနစ်တွေဟာ ကီလိုမီတာ ၁၁၀၀၀ အကွာအဝေးက ပစ်မှတ်တွေကို ထိမှန်နိုင်တယ်လို့ ရုရှားနိုင်ငံထုတ် ကွန်မာဆန့် သတင်းစာက အင်္ဂါနေ့မှာ အစီရင်ခံခဲ့ပါတယ်။
ဒီဒုံးပစ် လောင်ချာစနစ်တွေကို ကုန်ကားတွေပေါ်မှာကော မြေအောက်စပါးကျီတွေမှာပါ တပ်ဆင် တပ်ချထားနိုင်တယ်လို့လည်း ကွန်မာဆန့်က အစီရင်ခံပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးကတည်းက ရုရှားဟာ ကိုယ်တိုင်၊ တရုတ် ဒါမှမဟုတ် တောင်အာဖရိက အပါအဝင် တခြားနိုင်ငံတွေနဲ့ စစ်ရေးလေ့ကျင့်မှု အကြိမ်ရေ အတော်များများ လုပ်ခဲ့ပါတယ်။
ရုရှားနဲ့ရော ယူကရိန်းနဲ့ပါ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘီလာရုစ်နိုင်ငံနဲ့လဲ စစ်ရေးလေ့ကျင့်မှု တိုးမြှင့်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်နေဆဲ ဖြစ်ပါတယ်။
Source-Reuters