အမေရိကန်ပြည်ထောင်စု၊ အလက်စကာပြည်နယ်အနီးမှာ ရုရှားနဲ့ တရုတ်တို့ရဲ့ ပူးတွဲ ဗုံးကြဲလေယာဉ် ကင်းလှည့်မှုဟာ အံ့သြစရာမဟုတ်ဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ် အော်စတင်က ဇူလိုင် ၂၅ ရက်မှာ ပြောကြားခဲ့ပြီး အလားတူ စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ အဆင်သင့်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။
လေယာဉ်ဟာ အမေရိကန် ဝေဟင်ပိုင်နက်ထဲကို ဝင်ရောက်ခဲ့ခြင်း မရှိကြောင်းနဲ့ အမေရိကန် ပိုင်နက်ရဲ့ မိုင် ၂၀၀ လောက်အကွာမှာ ရှိနေခဲ့ကြကြောင်း အော်စတင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မြောက်ပစိဖိတ်နဲ့ အာတိတ်ရှိ အမေရိကန်ပြည်ထောင်စု အလက်စကာပြည်နယ်အနီးမှာ ဇူလိုင် ၂၅ ရက်က ရုရှားနဲ့ တရုတ် နျူးကလီးယား ဗုံးကြဲလေယာဉ်တွေ ကင်းလှည့်ခဲ့ကြောင်း ၂ နိုင်ငံက ပြောကြားခဲ့ပါတယ်။
ရုရှား Tu-95MS ‘Bear’ ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေနဲ့ တရုတ်ရဲ့ ရှီအန်း H-6 မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေဟာ အာတိတ်သမုဒ္ဒရာရဲ့ ဝင်ပေါက်ဖြစ်တဲ့ ချော့ခ်ချီနဲ့ ဘဲရင်း ပင်လယ်ပြင်နဲ့ မြောက်ပစိဖိတ်ဒေသတို့အပေါ် ကင်းလှည့်မှုတွေကို လုပ်ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ အမေရိကန်နဲ့ ကနေဒါတို့ကို တိုက်လေယာဉ်တွေနဲ့ ရန်စတိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ ကနေဒါ တိုက်လေယာဉ်တွေဟာ အလက်စကာ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) ရှိ ရုရှားနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) လေယာဉ်တွေကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း အမေရိကန်စစ်တပ်ရဲ့ မြောက်အမေရိက လေကြောင်းကာကွယ်ရေး ကွပ်ကဲမှုအဖွဲ့ (NORAD) က ပြောပါတယ်။
Source-Reuters