Home
မြန်မာသတင်း
ကယန်းပြည်သစ်ပါတီ အပစ်ရပ်ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှစ် ၃၀ ပြည့်ပွဲ ကျင်းပ
DVB
·
July 26, 2024

ဇူလိုင် ၂၆ ရက် ကျရောက်တဲ့ ကယန်းပြည်သစ်ပါတီ အပစ်ရပ်ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူးမြို့အနီးမှာရှိတဲ့ ပါတီဗဟိုဌာနချုပ်မှာ  ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ ကယန်းအမျိုးသားအလံတော်၊ ကယန်းပြည်သစ်ပါတီအလံတော်၊ ကယန်းပြည်သစ်တပ်မတော် အလံတော်၊ ကယန်းပြည်သစ်တော်လှန်ရေးကောင်စီတို့ရဲ့ အလံတော်ကို အလေးပြုတာ၊ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေကို အလေးပြုတာ၊ မိန့်ခွန်းပြောကြားတာ၊ သဝဏ်လွှာဖတ်ကြားတာနဲ့ လွိုင်ကော်ကက်သလစ်သာသနာ ဆရာတော်ဘရွှေမှ ငြိမ်းချမ်းရေးအမှတ်တရ စကားမြွတ်ကြားတာတွေ ပြုလုပ်ခဲ့ ပါတယ်။

၁၉၉၄ ခုနှစ် ဇူလိုင် ၂၆ ရက်ဟာ ကယန်းအမျိုးသားလက်နက်ကိုင်တိုက်ပွဲရဲ့ နှစ်ပေါင်း ၃၀ မှာ ထွက်ပေါ်ခဲ့တဲ့ ကယန်းအမျိုးသားတို့ရဲ့ အောင်သီးအောင်ပွင့် ငြိမ်းချမ်းမှုတခုဖြစ်ခဲ့သလို နှစ်ပေါင်း ၃၀ အတွင်း ကယန်းအမျိုးသား ပြည်သူလူထုရဲ့ သားကောင်းရတနာ၊ သမီးကောင်းရတနာတို့ရဲ့ ချွေး၊ သွေး၊ အသက်ပေါင်းများစာနဲ့ ပေးဆပ်ခဲ့ရတဲ့ ရလဒ်ဖြစ်တယ်လို့ ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ ဦးသန်းစိုးနိုင်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။

“၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှကစလို့ ဒီနေ့အချိန်ထိလည်း နှစ်ပေါင်း ၃၀ အတွင်း သေနတ်သံမထွက်တော့ပေမဲ့ ကယန်းအမျိုးသားတို့ရဲ့ ရည်မှန်းချက် အင်္ဂါရပ်ပြည့်စုံရေး လုံးပမ်းတည်ဆောက်ခဲ့ရာမှာလည်း ကယန်းအမျိုးသားလူထုရဲ့ ဉာဏအား၊ ကာယအားတို့နဲ့ ဆက်လက်လုံးပမ်းတည်ဆောက်ရဆဲဖြစ်နေရတယ်၊ ဒါကြောင့် မျိုးချစ်၊ ပြည်ချစ်၊ စိတ်ထက်သန်သူတို့အားလုံးက အပစ်ရပ်ငြိမ်းချမ်းမှု အစွမ်းကုန်စောင့်ထိန်းရေး၊ ကယန်းအမျိုးသားတို့ရဲ့ နိုင်ငံရေးအပြည့်အဝရရှိရေးပန်းတိုင်သို့ ဆက်လက်ချီတက် သွားကြပါစို့။”  

ကယန်းပြည်သစ်ပါတီအနေနဲ့ အပစ်အခတ်ရပ်စဲရေးယူပြီးတဲ့နောက်မှာ ကယန်းဒေသတွင်း လမ်းတံတား၊ အမျိုးသားပညာရေး၊ အမျိုးသားကျန်းမာရေးတွေကို ကြိုးပမ်း အကောင်အထည်ဖော်လုပ်ဆောင်ခဲ့တယ်လို့  ဆိုပါတယ်။

ဒီကနေ့ကျင်းပတဲ့ ကယန်းပြည်သစ်ပါတီ အပစ်ရပ်ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားမှာ ကယန်းပြည်သစ်ပါတီခေါင်းဆောင်တွေ၊ တပ်သားတွေအပါအဝင် မဟာမိတ်အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ပြည်သူထု စုစုပေါင်း ၂၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ ကြပါတယ်။

ကယန်းပြည်သစ်ပါတီဟာ ၁၉၉၄ ခုနှစ်၊ ဇူလိုင် ၂၆ ရက်မှာ ကက်သလစ်ဘာသာ ခေါင်းဆောင်တွေ့ရဲ့ ကြားဝင်အကျိုးတော်ဆောင်ပေးတာကြောင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ) စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ယူခဲ့တာပါ။

နဝတ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးရယူပြီးနောက်မှာတော့ ကယားပြည်နယ်၊ အထူးဒေသ (၃)၊ ကယန်းပြည်သစ်ပါတီ ငြိမ်းရေးအဖွဲ့ဖြစ်လာပါတယ်။

လက်ရှိအချိန်မှာတော့ ကယန်းပြည်သစ်ပါတီဟာ ကယန်းပြည်နယ်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်နေပြီး ကယန်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ စတုတ္ထမူကြမ်းအထိ ပြင်ဆင်ရေးဆွဲထားပြီးလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013