ဗာဆိုင်းစာချုပ်ကို ၂၈ ဇွန် ၁၉၁၉ ခုနှစ်မှာ ရေးထိုးခဲ့ပါတယ်။ ပထမကမ္ဘာစစ်ကို အနိုင်ရခဲ့တဲ့ မဟာမိတ်နိုင်ငံတွေနဲ့ စစ်ရှုံး ဂျာမန်တို့အကြား ချုပ်ဆိုခဲ့ကြတဲ့ စာချုပ်တခုပါ။ နောက် ၁၄ လကျော်တဲ့အခါ နောက်ထပ် စာချုပ် ၄ ခုထက်မနည်းကိုလည်း ဩစတြီးယား၊ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ၊ တူရကီ နိုင်ငံတွေနဲ့ ထပ်မံချုပ်ဆိုခဲ့ပါတယ်။ ၁၉၂၅ မှာလည်း ဂျာမနီနဲ့ နောက်ထပ်တကြိမ် ချုပ်ဆိုခဲ့ကြပါတယ်။
ဒီစာချုပ်တွေဟာ ဥရောပရဲ့မြေပုံကို အသစ် ပြန်လည်ရေးဆွဲပေးခဲ့ပါတယ်။ ဩစထရို-ဟန်ဂေရီနဲ့ အော်တိုမန်အင်ပါယာတွေ ပြိုလဲသွားခဲ့သလို ရုရှားအင်ပါယာဟောင်းကြီးကလည်း သိသိသာသာနဲ့ အင်အားချည့်နဲ့လာခဲ့ပါတယ်။ အခြားတဖက်မှာတော့ အမျိုးသားနိုင်ငံတော်တွေ ပေါ်ထွန်းလာခဲ့ပါတယ်။ ချက်ကိုစလိုဗက်ကီးယား၊ အက်စ်တိုးရီးယား၊ ဖင်လန်၊ ဟန်ဂေရီ၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ ပိုလန်နဲ့ ယူဂိုဆလားဗီးယားနိုင်ငံတွေ ဖြစ်ကြပါတယ်။
ဗာဆိုင်းစာချုပ်ကို ဗာဆိုင်းငြိမ်းချမ်းရေးညီလာခံမှာ မူကြမ်းရေးဆွဲကြခဲ့ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံက တက်ရောက်ခဲ့ကြတာပါ။ ဒါပေမဲ့ ညီလာခံကို အဓိကသြဇာလွှမ်းမိုးခဲ့တာကတော့ အင်္ဂလန်၊ ပြင်သစ်၊ အီတလီနဲ့ အမေရိကန်တို့ပဲ ဖြစ်ပါတယ်။ ဒီညီလာခံဖြစ်လာစေတာကတော့ အဓိကအားဖြင့် အမေရိကန်သမ္မတ ဝုဒ်ရိုးဝီလ်ဆင်ကြောင့်ဆိုရင် မမှားနိုင်ပါဘူး။ သူ့ရဲ့အနာဂတ် မျှော်ရည်ချက်ကတော့ ဒီမိုကရေစီနည်းကျ၊ လွတ်လပ်ပွင့်လင်းပြီး၊ တန်းတူမှုရှိတဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီး တည်ထောင်ဖို့ပါပဲ။ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကိုလည်း လေးစားလိုက်နာပြီး ငြိမ်းချမ်းသာယာကြွယ်ဝတဲ့ ကမ္ဘာအသစ်တခုကို တည်ဆောက်ဖို့ ရည်မှန်းခဲ့တာပါ။ ဒါပေမဲ့ ဥရောပအပေါ် ဝီလ်ဆင်ရဲ့ မျှော်ရည်ချက်ဟာ အခြားသော မဟာမိတ်နိုင်ငံတွေရဲ့ နိုင်ငံရေးဦးစားပေးမှုတွေ၊ လူမျိုးပေါင်းစုံ အရေး စတဲ့အခက်အခဲတွေကြောင့် ဝေဝါးခဲ့ရပါတယ်။
ဂျာမနီကို ဒဏ်ခတ်ခြင်း
ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် လွိုက်ဂျော့နဲ့ ပြင်သစ်ဝန်ကြီးချုပ် ဂျော့ကလိမန့်စယူး တို့ဟာ စစ်ရှုံးဂျာမနီအတွက် အပိုဒ်တခုကို ဗာဆိုင်းစာချုပ်ထဲမှာ ထည့်သွင်းခဲ့ပါတယ်။ “စစ်ပွဲအတွက် အပြစ်ရှိခြင်း”၊ “War Guilt Clause” လို့ အမည်ရပါတယ်။ အဲဒီစာပိုဒ်အရ ပထမကမ္ဘာစစ်ပွဲအတွက် ဂျာမနီနိုင်ငံဟာ အလုံးစုံတာဝန်ယူရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗာဆိုင်းစာချုပ်အရ ဂျာမနီအပေါ် အရေးကြီးတဲ့ စည်းကမ်းချက်နှစ်ခု ပြဋ္ဌာန်းပေးခဲ့ပါတယ်။
ပထမစည်းကမ်းချက်ကတော့ ဘဏ္ဍာရေးနဲ့ သက်ဆိုင်ပါတယ်။ ဒီစည်းကမ်းချက်အရ ဂျာမနီဟာ စစ်လျော်ကြေးငွေ ယူရို ၆ ဒသမ ၆ ဘီလီယံ ပေးရမှာဖြစ်ပါတယ်။ သံသတ္တုရိုင်း အပါအဝင် ကျောက်မီးသွေး၊ သယံဇာတတွေကိုလည်း စွန့်လွှတ်လိုက်ရပါတယ်။ ဒါတင်မက (ဂျာမန်လူမျိုး ၁၀ ရာခိုင်နှုန်းလောက် နေထိုင်တဲ့) နိုင်ငံနယ်နိမိတ်ရဲ့ ၁၃ ရာခိုင်နှုန်းလောက်ကိုလည်း ဆုံးရှုံးလိုက်ရပါတယ်။ ဒါ့အပြင် ဂျာမနီရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကိုလည်း လက်နက်ဖြုတ်သိမ်းတာတွေ လုပ်ကြရပါတယ်။
၁၉၁၄ ခုနစ်တုန်းက အဖွဲ့ဝင် ၃ ဒသမ ၈ သန်းရှိတဲ့ စစ်တပ်ကြီးဟာ တပ်ဖွဲ့ဝင် တသိန်းအထိ လျေှာ့ချပစ်လိုက်ရပါတယ်။ ဒါနဲ့တင်မပြီးသေးဘူး၊ ဂျာမနီရဲ့ ရေတပ်နဲ့ ကုန်သင်္ဘောကြီး အားလုံးနီးပါးကိုလည်း လက်လွှတ်ခဲ့ရပါတယ်။ ဂျာမနီအနောက်ဘက်မှာရှိတဲ့ ရိုင်းလန်းဒေသဟာလည်း စစ်မဲ့ဇုန်တခု ဖြစ်လာခဲ့ပါတယ်။ အဲဒီဒေသကို မဟာမိတ်တပ်တွေကပဲ ကြီးကြပ်စောင့်ထိန်းပါတယ်။ ဂျာမနီရဲ့ နိုင်ငံရပ်ခြားက ကိုလိုနီအားလုံးနီးပါး လက်လွှတ်ခဲ့ရပါသေးတယ်။ အဲဒီလိုနဲ့ ဂျာမနီဟာ စာချုပ်ကို မဖြစ်မနေ လက်မှတ်ရေးထိုးခဲ့ရပါတယ်။ ဒါဟာ ဂျာမနီအတွက် အရှက်ရစရာ ဖြစ်ခဲ့ရသလို တိုင်းပြည်ဟာလည်း ဆင်းရဲတွင်းထဲ ရောက်သွားခဲ့တာပါ။ တိုင်းပြည်စီးပွားရေး ပျက်စီးခဲ့ရသလို အင်ပါယာဘုရင်ကလည်း နန်းကျ၊ ပြည်နှင်ဒဏ်ခံခဲ့ရတယ်။ တိုင်းသူပြည်သားတွေမှာလည်း ငတ်မွတ်ခေါင်းပါးကုန်ကြတယ်။ စစ်ရှုံးသူတွေအပေါ် အဲဒီလို ပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေဟာ အနာဂတ်မှာ ခါးသီးတဲ့ အတွေ့အကြုံတွေ ဖြစ်လာအောင် မီးမြှိုက်ပေးသလို ဖြစ်လာစေခဲ့ပါတယ်။
ကြောက်မက်ဖွယ် နောက်ဆက်တွဲအရေး
အခုလို ဂျာမနီကို ပြင်းထန်တဲ့ဒဏ်ခတ်မှုတွေ လုပ်လိုက်တာဟာ စာချုပ်ရဲ့ ရေရှည်ငြိမ်းချမ်းရေး အတွက် အများကြီး ထိခိုက်ဆိုးရွားသွားစေခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့်သာ မဟုတ်ရင် ဂျာမနီနိုင်ငံဟာ ပြန်လည်ဦးမော့လာနိုင်ပါတယ်။ ဒါပေမဲ့ စီးပွားပျက်ကပ်နဲ့အတူ တိုင်းပြည်ဟာ ဆင်းရဲတွင်းနွံထဲမှာ စုန်းစုန်းမြုပ်သွားပါတယ်။ ဒါဟာ ဟစ်တလာအတွက်လည်း အကွက်ကောင်း ရခဲ့တာပါ။ သူဟာ ဗာဆိုင်းစာချုပ် အကျိုးဆက်ရဲ့ မလွဲမသွေ ရလဒ်တခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဗာဆိုင်းစာချုပ်ကို ထည့်မတွက်ဘဲနဲ့လည်း သူ့ကို မစဉ်းစားလို့ မရပါဘူး။ စစ်ပွဲအားလုံးကို အဆုံးသတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ချုပ်ဆိုခဲ့တဲ့ ဗာဆိုင်းစာချုပ်ဟာ ဒုတိယကမ္ဘာစစ်နဲ့ ဟိုလိုကော့စ်တ် ဖြစ်ရပ်အတွက် လမ်းခင်းပေးခဲ့သလို ဖြစ်သွားတယ်လို့တောင် ပြောရမလိုပါပဲ။
သပြေညို