လောကမှာ ယစ်မူးစေတတ်တဲ့ အာဏာနဲ့ လက်နက်တွေကို လွဲမှားစွာအသုံးချပြီး လူသားတို့ရဲ့ ရုပ်ခန္ဓာ၊ အရာဝတ္ထု ဒြပ်ထည်တွေကိုသာ ဖမ်းဆီးထိန်းသိမ်းပိတ်လှောင် ဖျောက်ဖျက်ရင်သာ ရနိုင်ပေမဲ့ လူသားတွေရဲ့ စိတ်ဝိညာဉ်၊ အတွေးအခေါ်၊ မှန်ကန်တဲ့စိတ်ဓာတ်၊ ယုံကြည်ချက်၊ ပြင်းပြတဲ့ ဆန္ဒအိပ်မက်တွေ၊ ခိုင်မာတဲ့ သန္နိဋ္ဌာန်တွေကိုတော့ ချုပ်နှောင်နှိပ်ကွပ်လို့ မရနိုင်ပါဘူး။
အထူးသဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို ထူးကဲတဲ့ ပါရမီရှင်တယောက်ရဲ့ အမှန်တရားကို မြတ်နိုးစိတ်ဓာတ်၊ ပြည်သူအပေါ်ထားတဲ့ ချစ်ခြင်းနဲ့ စေတနာ၊ မိခင်လိုမေတ္တာ၊ အသိဉာဏ်ဦးစီးတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်မယ့် အတွေးအခေါ်နဲ့ ယုံကြည်ချက်၊ သူမတူအောင် ပြင်းပြတဲ့ဆန္ဒ၊ ခိုင်ကျည်တဲ့ သန္နိဋ္ဌာန်တွေကို စစ်ဓားပြဂိုဏ်းလို ဂုဏ်သိက္ခာမဲ့ မကောင်းဆိုးဝါးတွေက ဘယ်လိုနည်းနဲ့မှ ချုပ်နှောင်အကျဉ်းချ တားဆီးထားလို့ မရနိုင်ပါဘူး။
ဒီအချက်ကို သက်သေပြနေတဲ့ အချက်များစွာဟာ အကြမ်းဖက်စစ်ဓားပြဂိုဏ်းက အာဏာလုယူပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းချုပ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒီကနေ့တိုင် မြန်မာပြည်အနှံ့အပြားသာမက ကမ္ဘာတလွှားမှာပါ လူထုခေါင်းဆောင်ရဲ့ စိတ်ဓာတ်၊ အတွေးအခေါ်နဲ့ ယုံကြည်ချက်တွေဟာ ဆက်လက်ရှင်သန်ပျံသန်း ခရီးနှင်နေတဲ့ အဖြစ်အပျက်တွေပါပဲ။
သူမဟာ လွတ်မြောက်နေခဲ့ကာလတွေအတွင်း အသက်အရွယ်နဲ့မမျှအောင် နိုင်ငံအနှံ့အပြား ခရီးနှင်လို့ အပင်ပန်းခံပြီး ပြည်သူလူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။ မေတ္တာတရားတင်သာမက မှန်ကန်တဲ့ နိုင်ငံရေးအတွေးအခေါ်၊ ဖြောင့်မတ်တဲ့ စိတ်ဓာတ် ခံယူချက်၊ ကောင်းမွန်တဲ့ ကိုယ်ကျင့်သီလ၊ မယိမ်းယိုင်တဲ့ ဇွဲလုံ့လဝီရိယ၊ အမှန်တရားအတွက် ရဲရင့်တဲ့ သတ္တိဗျတ္တိတွေ ပြည်သူနဲ့ သူမကြားမှာ နက်ရှိုင်းစွာ ထုံကူးခဲ့ကြပါတယ်။
ချုပ်နှောင်လို့မရနိုင်တဲ့ လူထုချစ်တဲ့ ခေါင်းဆောင်ရဲ့ အဖိုးတန်တဲ့စကားတွေ၊ ထင်ရှားကျော်ကြားတဲ့ သူမရဲ့ ကြောက်လန့်ခြင်းမှ ကင်းဝေးရေး မိန့်ခွန်းထဲကနေ ပြည်သူတွေထံ သွေးကူးပျံ့နှံ့ပြီး ရှင်သန်ခဲ့တဲ့ အောက်ပါအတွေးအခေါ်တချို့ကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။
မြန်မာပြည်သူအများစုဟာ အဂတိတရားလေးပါးနှင့် အကျွမ်းတဝင် ရှိကြပါသည်။
အလိုဆန္ဒကြောင့် ဖောက်ပြန်မှု (ဆန္ဒဂတိ) ဆိုတာ တံစိုးလက်ဆောင်ကို လိုချင်လို့ဖြစ်စေ၊ မိမိချင်ခင်သူတွေရဲ့ အကျိုးအတွက်ဖြစ်စေ၊ မှန်ကန်တဲ့လမ်းကြောင်းကနေ သွေဖည်သွားခြင်း ဖြစ်ပါတယ်။
ဒေါသဂတိ ဆိုတာကတော့ မိမိမုန်းတီးသူတွေကို ရန်ငြိုးလုပ်လိုတာမို့ လမ်းမှားကို ရောက်သွားခြင်း ဖြစ်ပါတယ်။
မောဟဂတိ ဆိုတာ မသိနားမလည်မှုကြောင့် ဖောက်ပြန်သွားခြင်း ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အဲဒီ ဂတိလေးပါးထဲမှာ အဆိုးဝါးဆုံးကတော့ ဘယာဂတိ ဖြစ်ပါတယ်။ အကြောင်းမှာ ကြောက်ရွံ့မှု (ဘယာ) သည် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သည့် စွမ်းရည်အားလုံးကို နစ်မွန်းအောင်ပြု၍ တဖြည်းဖြည်း ပျက်စီးစေသည့်အပြင် အခြားအဂတိသုံးပါး၏ မူလအရင်းအမြစ်လည်း ဖြစ်တတ်ပါတယ်။
လောဘသက်သက်ကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပါက ဆန္ဒဂတိဆိုတာ ချို့တဲ့မှာကို ကြောက်ရွံ့ခြင်း၊ မိမိချစ်ခင်သူများရဲ့ မေတ္တာ၊ စေတနာ ဆုံးရှုံးမှာကို ကြောက်ရွံ့ခြင်း စတာတွေကြောင့် ဖြစ်ပေါ်လာနိုင်သလို မိမိထက်သာသွားမှာကို ကြောက်ရွံ့ခြင်း၊ အနှိမ်ခံရမှာကို ကြောက်ရွံ့ခြင်း၊ နစ်နာမှာကို ကြောက်ရွံ့ခြင်း စတာတွေဟာလည်း ဒေါသဂတိကို ဖြစ်စေပါတယ်။
ကြောက်ရွံ့မှု အချုပ်အနှောင်ကနေ လွတ်ကင်းစွာ အမှန်တရားကို လွတ်လွတ်လပ်လပ် မရှာနိုင်မချင်း မောဟကို ဖယ်ထုတ်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။
ကြောက်ရွံ့မှုနဲ့ ဖောက်ပြန်မှုတို့ဟာ အလွန်နီးကပ်စွာ ဆက်သွယ်နေတာမို့ နေရာအနှံ့အပြားမှာ ကြောက်ရွံ့နေရတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ ဖောက်ပြန်မှုမျိုးစုံတို့ဟာ နက်ရှိုင်းစွာ အခြေစိုက်လာပါတယ်။
လူတို့အား အဂတိလိုက်စား ဖောက်ပြားစေတာဟာ အာဏာမဟုတ်၊ စိုးရိမ်ကြောက်ရွံ့ခြင်းပဲ ဖြစ်ပါတယ်။ အာဏာလက်လွှတ်ရမှာကို ကြောက်ရွံ့ခြင်းဟာ အာဏာလက်ကိုင်ထားသူတွေကို ဖောက်ပြန်စေပါတယ်။
ဒီအချိန်မှာ သတ္တိရှိရှိနဲ့ လုပ်လိုက်လို့ရှိရင် နောက်ကျရင် “မကြောက်ရတဲ့ခေတ်” ကို ရောက်သွားနိုင်ပါတယ်။ ဒီအချိန်မှာ ကြောက်ပြီး လုပ်သင့်သလောက် မလုပ်ခဲ့လို့ရှိရင် နောက်ဆက်ပြီးတော့ ကြောက်နေရတဲ့စနစ်ကို ရှင်သန်အောင်လုပ်ပေးသလို ဖြစ်သွားမယ်။ အဲ့တော့ ... အားလုံးက မှန်တာကိုလုပ်ရလို့ရှိရင် ကြောက်နေလည်း လုပ်ရမှာပါ။ မှန်တာကို လုပ်ဖို့ရာမှာ မင်းရဲ့စိုးရွံ့မှုဟာ ဘယ်တော့မှ အတားအဆီး မဖြစ်သင့်ပါဘူး။
ပြည်သူလူထုကြီး မပါဝင်ရင် ဘယ်အရာမှ မအောင်မြင်နိုင်ပါဘူး။ ပြည်သူတွေသာ အဓိက ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့။ နောက်ဆုံးကျ လက်နက်ဘယ်လောက် အားကိုး အားကိုး ပြည်သူထောက်ခံမှုမရှိတဲ့ စနစ်မှန်သမျှဟာ ကျဆုံးရမှာဖြစ်တယ်။
အမှန်တရားအပေါ် ရပ်တည်ရှင်သန်ပြီး ကိုယ်လုပ်တဲ့အလုပ်အပေါ် လိပ်ပြာသန့်နိုင်တယ်ဆိုရင် ... အာဏာမရှိသူတွေမှာလည်း ..... စွမ်းအားရှိတယ်။
တကယ်က မလုပ်သင့်မှန်းသိရင် မလုပ်ပါနဲ့ဆိုရင် မလုပ်ရဘူး။ အဲဒီတော့ တကယ့်သတ္တိဆိုတာက - ‘လုပ်ရဲတဲ့သတ္တိတင် မဟုတ်ဘူး - မလုပ်ရဲတဲ့သတ္တိ’ လည်းပါတယ်။
ပြည်သူတွေမပါဘဲနဲ့ ဘာကိစ္စမှ မပြီးမြောက်နိုင်၊ မပြီးပြတ်နိုင်ဘူးဆိုတာ အခု နားလည်နိုင်ပြီလို့ ကျမ ထင်ပါတယ်။ ပြည်သူတွေပါမှပဲ ဘယ်ကိစ္စမဆို ပြီးမြောက်နိုင်တာမို့လို့ ကျမတို့တတွေ ကျမစိတ်ကူးထဲမှာ ပြည်သူတွေကနေပြီးတော့ ပြည်သူတွေအတွက် ပြည်သူတို့ရဲ့ ဒီမိုကရေစီဆိုတဲ့ နည်းတခုကို မြန်မာနိုင်ငံတင်မက တကမ္ဘာလုံးမှာတောင် ထပ်ပြီး ကြိုးစားကြည့်မှာပါ။ အဲဒီလိုစိတ်ဓာတ်နဲ့ ကျမတို့ ကြိုးစားသွားမှာပါ။
အပေါ်မှာရေးပြခဲ့သလို ချုပ်နှောင်ဖမ်းဆီးထားလို့မရတဲ့ အရာတွေထဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွေးအခေါ်တွေသာ မကပါဘူး၊ သူမရဲ့ မယိမ်းယိုင်တဲ့ အောက်ပါစိတ်ဓာတ် ခံယူချက်တွေနဲ့ မဆုတ်မနစ် ကြံ့ခိုင်တဲ့ ဇွဲလုံ့လ ဝီရိယတွေလည်းပဲ အဓိကပါဝင်နေတာကို တွေ့မြင်နေကြရပါတယ်။
“ကျမခန္ဓာကိုယ်ရဲ့အကောင်းဆုံးအစိတ်အပိုင်းက ဒူးနှစ်ဖက်ပါဘဲ။ ဘယ်တော့မှမထောက်ဘူး”။
“စိတ်ခိုင်တယ်နော်.. ကောက်ရိုးမီးလောင်တဲ့လူမျိုး မဟုတ်ဘူးနော်.. ဒီလိုဆိုရင် ကျမကျေနပ်ပြီ။” စတဲ့ သူမရဲ့ သံမဏိစိတ်ဓာတ်နဲ့ သူမတူတဲ့ ဇွဲလုံ့လတွေဟာ မြန်မာလူထုကြားထဲမှာ ထင်ထင်ရှားရှား သန်သန်စွမ်းစွမ်း သွေးကူးမျိုးပွားသွားတာကို အောက်ပါ စဉ်ဆက်မပြတ်တဲ့ လူထုသပိတ်တွေ၊ နွေဦးတော်လှန်ရေး ပုံရိပ်တွေက သက်သေခံနေပါတယ်။
“ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေရဲ့ ပြည်လုံးကျွတ် ပန်းသပိတ် လှုပ်ရှားမှုတွေ”၊ “ကြောက်ခေတ်ကို-မှောက်ပစ်”၊ “တက်စုံဖွင့် ရွက်ကုန်လွှင့်”၊ “နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး”၊ “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ” စတဲ့ ကောက်ရိုးမီးလိုမဟုတ်တဲ့ တိုင်းရင်းသား ပြည်သူလူထုကြီးထံမှာ သံမဏိနှင်းဆီ ဒေေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်နဲ့ ဇွဲသတ္တိတွေ ဝတ်မှုန်ကူးထားတဲ့ ပြယုဂ်ပဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ယနေ့မြန်မာနိုင်ငံမှာ လက်နက်ရှိသူက ဗိုလ်ကျ အနိုင်ကျင့်လို့ရတယ်ဆိုတဲ့ ဓလေ့ဆိုးနဲ့ အကြမ်းဖက် စစ်ဓားပြဂိုဏ်းဟာ နိုင်ငံရဲ့အာဏာ ၃ ရပ်ကို လုယူပြီး လူထုခေါင်းဆောင်ကို ဖမ်းချုပ် ထောင်သွင်း အကျဉ်းချထားခဲ့တာ အခုဆို ၃ နှစ်နဲ့ ၅ လ ရှိခဲ့ပေမဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွေးအခေါ်၊ စိတ်ဓာတ်၊ ဇွဲသတ္တိနဲ့ ဆန္ဒ ယုံကြည်ချက်တွေကို ချုပ်နှောင်ထားလို့ မရခဲ့ပါဘူး။
လွတ်လပ်စွာ ပျံသန်းခရီးနှင်နေတဲ့ ရှေ့ဆောင်လမ်းပြ ခေါင်းဆောင်ကောင်းရဲ့ စံနမူနာ အတွေးအခေါ်၊ စိတ်ဓာတ်၊ ဇွဲသတ္တိနဲ့ ဆန္ဒ ယုံကြည်ချက်တွေဟာ ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူတွေ၊ မျိုးဆက်သစ်တွေထံမှာ နက်နက်ရှိုင်းရှိုင်း ဝတ်မှုန်ထုံသင်းလို့ သံမဏိနှင်းဆီခင်းများစွာ၊ သံမဏိလိပ်ပြာများစွာဟာ အရောင်အသွေးစုံလင်စွာ ပွင့်လန်းမြူးထူးလို့ အားမာန်ကြီးမားစွာနဲ့ စစ်အာဏာရှင်စနစ် အိမ်အိုဟောင်းကြီးကို ဝိုင်းဝန်းပြီး ဆွဲဖြိုဖျက်ချနေကြတာဟာဖြင့် အခုဆို ထာဝရ ပြိုးပျက်လင်းလက်နေမယ့် ကြယ်တာရာတို့ရဲ့ ကောင်းကင်ပြာမှာ ရောင်နီသွန်းလို့ နေ့သစ်ထွန်းလာနေပြီ ဖြစ်ပါကြောင်း။
မင်းကောင်းချစ်
(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက် မွေးနေ့အား ဦးညွှတ်ဂုဏ်ပြုလျက်)