Home
မြန်မာသတင်း
ရှမ်းမြောက်တွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဆောင်ရန် တွန်းအားပေး မည်ဟု တရုတ်ပြော
DVB
·
July 26, 2024
Photo Crd-FMPRC

လတ်တလော တိုက်ပွဲအရှိန်အဟုန် မြင့်မားနေတဲ့ တရုတ်နိုင်ငံနဲ့ နယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး အရှိန်အဟုန်ကို ဆက်ထိန်းထားဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လက်လုပ် ဆောင်သွားဖို့ တွန်းအားပေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မော်နင်းက ပြောလိုက်ပါတယ်။

ဇူလိုင် ၂၅ ရက် မနေ့က ပေကျင်းမှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ရိုက်တာသတင်းဌာနက လားရှိုးမြို့သိမ်းတိုက်ပွဲနဲ့ ဆက်စပ်ပြီး တရုတ်အစိုးရရဲ့ သဘောထားမှတ်ချက်ကို မေးမြန်းချိန်မှာ ခုလိုတုံ့ပြန်ဖြေကြားခဲ့တာပါ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့က တရုတ်နယ်စပ်နဲ့ နီးကပ်တဲ့ လားရှိုးမြို့က စစ်တပ်ဌာနချုပ်ကို ထိုးစစ်ဆင် သိမ်းပိုက်လိုက်တယ်လို့ အခိုင်အမာဆိုထားတာကြောင့် ဒီအခြေအနေနဲ့ ပတ်သက်ပြီး တရုတ်က မှတ်ချက်တစုံတ ရာပေးဖို့ သတင်းဌာနက မေးမြန်းရာမှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆွေးနွေး အဖြေရှာကြဖို့နဲ့ ရန်လိုမှုတွေ အမြန်ဆုံး ရပ်တန့်ရေး၊ အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းကြဖို့၊ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်မှု မရှိစေရေး၊ နယ်စပ်ဒေသနဲ့ အနီးတဝိုက် နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ ဘေးကင်းရေးအပြင် မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေ၊ စီးပွားရေးနဲ့ ဝန်ထမ်းတွေ၊ မထိခိုက်အောင် လုပ်ဆောင်ကြဖို့ မစ္စ မော်နင်းက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က စစ်ကောင်စီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဇူလိုင် ၂၅ ရက် မနက်ပိုင်းက သိမ်းယူလိုက်ပြီး သမိုင်း ဝင်အောင်ပွဲဖြစ်တယ်လို့ ကြေညာထားခဲ့ပေမဲ့ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေဆဲဖြစ်ပါတယ်။  အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA က သိမ်းပိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ မှန်ကန်မှုမရှိဘူးလို့ စစ်ကောင်စီအာဘော် မီဒီယာတွေမှာ သတင်းလွှင့်ထားတာတွေလည်း ရှိနေပါတယ်။

ဒါဟာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် တာဝန်ယူပြီး ၃ ရက်အကြာမှာ ဖြစ်ပွားခဲ့တာပါ။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ သိမ်းခံရပါက ဝန်ကြီးချုပ်၊ ကစထမှူး ၂ နဲ့ တိုင်းမှူးတို့ကို တာဝန်ကနေ အနားပေးမယ်ဆိုပြီး ပြီးခဲ့တဲ့လက စစ်ခေါင်းဆောင်က အသိပေးထားတာတွေလည်း ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013