အီသီယိုးပီးယားနိုင်ငံမှာ အခုသီတင်းပတ် အစောပိုင်းက မြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၂၅၇ ဦးအထိ တိုးလာခဲ့ပြီး သေဆုံးသူ အရေအတွက်ဟာ ၂ ဆနီးပါး မြင့်တက်လာဖွယ်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇူလိုင် ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
အီသီယိုးပီးယားနိုင်ငံတောင်ပိုင်း ဂိုဖာဇုန်မှာ တနင်္ဂနွေနေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာက မြေပြိုမှုတခု ဖြစ်ပွားခဲ့ပြီးနောက် တနင်္လာနေ့မှာ ကယ်ဆယ်ရေးလုပ်ဖို့ လာရောက်ကြသူတွေ နစ်မြုပ်ခဲ့တဲ့ ဒုတိယအကြိမ် မြေပြိုမှု ထပ်မံဖြစ်ပွားခဲ့တာပါ။
မိသားစုဝင် ၁၅ ယောက်ကို ဆုံးရှုံးခဲ့တဲ့ ဂိုဖာဒေသခံ နီဂစ္စထ် ဂွန်ဂါရှာက သူ့အစ်ကိုနဲ့ အမရဲ့ မိသားစုတွေ အပါအဝင် ဆွေမျိုးတွေအားလုံး သေဆုံးသွားပြီး ၁၃ ယောက်ကို သင်္ဂြိုဟ်ခဲ့ရတယ်လို့ ပြောပါတယ်။
သိပ်မကြာသေးခင်ကမှ အမြွှာမွေးထားတဲ့ အေလ်မီတု ဆိုမာ ကလည်း သူ့ခင်ပွန်းနဲ့ ညီမဖြစ်သူတို့ သေဆုံးသွားပြီး သူ့ညီမရဲ့ အလောင်းကိုတော့ ပြန်ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။
ဈာပနအခမ်းအနားအပြီးမှာ ရွှံ့ထဲ မြေကြီးထဲ နစ်မြုပ်သွားခဲ့ကြတဲ့ ရုပ်အလောင်း ၂၂၆ လောင်းကို ကယ်ဆယ်ရေးသမားတွေက ဆယ်ယူရရှိထားပြီး နောက်ထပ် အယောက် ၂၀ ကို ရှာဖွေနေတယ်လို့ ဂိုဖာဇုန် စီမံအုပ်ချုပ်သူတဦးဖြစ်တဲ့ ဒဂ်မာဝီ အိုင်လယ်က ပြောပါတယ်။
အင်္ဂါနေ့က အီသီယိုးပီးယား အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မရှင်က သေဆုံးသူ ၂၂၉ ဦး ရှိသွားပြီလို့ မှတ်တမ်းတင်ထားပါတယ်။
Source-Reuters