မြောက်ကိုရီးယားက လွှတ်တင်လိုက်တဲ့ အမှိုက်တွေပါတဲ့ မိုးပျံပူဖောင်းတွေ တောင်ကိုရီးယား သမ္မတရုံးဝင်းထဲ ပြုတ်ကျခဲ့တယ်လို့ တောင်ကိုရီးယားအခြေစိုက် ယုံဟပ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
မီးပုံးပျံတွေကြောင့် ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့ တောင်ကိုရီးယားက တခြား မီဒီယာတွေကလည်း ဖော်ပြခဲ့သည်။
မိုးပျံပူဖောင်းတွေကြောင့် တောင်ကိုရီးယား အစိုးရဟာ ဓာတုတုံ့ပြန်ရေးအဖွဲ့တွေ ခေါ်ပြီး စစ်ဆေးခဲ့ရတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။ ယုံဟပ်သတင်းဌာနက အသေးစိတ် အချက်အလက်တွေကို ထုတ်မပြောခဲ့ပါဘူး။
မြောက်ကိုရီးယားအစိုးရက အမှိုက်ထုပ်ချိတ်ထားတဲ့ မိုးပျံပူဖောင်း ထောင်ချီကို လွှတ်တင်တဲ့ မေလတည်းက ခုထိ ဆိုးလ်မြို့လယ်က တောင်ကိုရီးယားသမ္မတရုံးဝင်းထဲကို အမှိုက်ပါတဲ့ မိုးပျံပူဖောင်း တိုက်ရိုက်ကျတာ ပထမဆုံးအကြိမ်ပါ။
သမ္မတရုံးဝင်းကို စစ်သားအများအပြား တပ်ချထားပြီး လေယာဉ်မပျံသန်းရဇုန်အဖြစ် ကာကွယ်ထားပါတယ်။
“ဓာတု၊ ဇီဝဗေဒနဲ့ ဓာတ်ရောင်ခြည် (စစ်ပွဲ) တုံ့ပြန်ရေးအဖွဲ့ဟာ အမှိုက်ပါတဲ့ မိုးပျံပူဖောင်းတွေကို ဘေးကင်းကင်း သိမ်းထားတယ်” လို့ သမ္မတလုံခြုံရေးဌာနက AFP သတင်းဌာနကို ပြောပါတယ်။
ခုတကြိမ်ဟာ မြောက်ကိုရီးယားအစိုးရက အမှိုက်ပါတဲ့ မိုးပျံပူဖောင်းတွေကို ၁၀ ကြိမ်မြောက် လွှတ်တင်ခဲ့တာပါ။
တောင်ကိုရီးယားစစ်တပ်ရဲ့ အသံချဲ့စက်တွေက မြောက်ကိုရီးယားကို ပစ်မှတ်ထားတဲ့ သတင်းစကားတွေကို ထုတ်လွှင့်နေလို့ လက်တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားက အမှိုက်တွေပါတယ်လို့ သံသယရှိတဲ့ အဖြူရောင် မိုးပျံပူဖောင်းတွေကို နယ်စပ်ဖြတ်ကျော် လွှတ်တင်ခဲ့ပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ ဆက်ဆံရေး တင်းမာစေတဲ့ မိုးပျံပူဖောင်းတွေကြောင့် နယ်စပ်နားက တောင်ကိုရီးယား ဒေသခံတွေက စိုးရိမ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ဗုဒ္ဓဟူးနေ့အစောပိုင်းကလည်း အမှိုက်ပါတဲ့ မိုးပျံပူဖောင်းတွေ ထပ်လွှတ်တင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က အတည်ပြုခဲ့ပါတယ်။
သူတို့ထဲက တချို့ကို သမ္မတရုံးဝင်းထဲ၊ ရုံးအနီးတဝိုက်နဲ့ ယုံစန်း ဧရိယာထဲက အစိုးရရုံးဝင်းထဲမှာ ရှာတွေ့ခဲ့တယ်လို့ သမ္မတရုံး လုံခြုံရေးဌာနက ဇူလိုင် ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ မိုးပျံပူဖောင်းထဲမှာ ညစ်ညမ်းတာတွေနဲ့ တခြား အန္တရာယ်တွေ မပါဘူးလို့လည်း သူတို့က ပြောခဲ့ကြပါတယ်။
မြောက်ကိုရီးယားရဲ့ အမှိုက်မိုးပျံပူဖောင်းတွေကို ပေါက်ကွဲဖို့ အချိန်သတ်မှတ်ထားပြီး အဲဒါတွေက မီးလောင်ကျွမ်းမှု ဖြစ်စေနိုင်ကြောင်း တောင်ကိုရီးယားစစ်တပ်က ဇူလိုင် ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားက လွှတ်တင်လိုက်တဲ့အထဲက အမှိုက် မိုးပျံပူဖောင်းတလုံးဟာ ဇူလိုင် ၂၄ ရက်က လူနေအဆောက်အဦတခုရဲ့ ခေါင်မိုးပေါ်ကို ကျရောက်ခဲ့ပြီး မီးလောင်ခဲ့တာကြောင့် မီးသတ်သမားတွေက မီးသတ်ဆေးဘူးတွေနဲ့ ငြှိမ်းသတ်နေတဲ့ ဓာတ်ပုံတွေကို ဂယောင်းဂီဒို ဘွတ်ခ်ဘူ မီးသတ်ဌာနက ထုတ်ပြန် ပြသခဲ့ပါတယ်။
အခုချိန်ထိတော့ မိုးပျံပူဖောင်းတွေဟာ အန္တရာယ်ပေးနိုင်တဲ့ ပစ္စည်းတွေကို သယ်ဆောင်လာတာကို မတွေ့ရသေးကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ် ပြည်သူ့ရေးရာ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အီဆွန်ဂျွန်းက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
မနေ့ကတော့ စက္ကူနဲ့ ပလတ်စတစ်အမှိုက်တချို့ကို သိမ်းဆည်းခဲ့ပြီးတော့ အဲဒါကို ဝေဟင်ကနေ ပစ်ချရတဲ့ အန္တရာယ်တွေအကြောင်းကို ဆွေးနွေးခဲ့ပြီးကြောင်းနဲ့ ပူးတွဲစစ်ဦးစီးချုပ်ရုံးရဲ့ လမ်းညွှန်ချက်ကတော့ အမှိုက်ပူဖောင်းတွေကို သဘာဝအတိုင်း ပြုတ်ကျလာဖို့ သတိထား စောင့်ကြည့်ပြီးတော့ အဲဒါတွေကို စုစည်းကောက်ယူဖို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ဆိုးလ်မြို့ ဂင်မ်ဖိုလေဆိပ်အနီးမှာ သံသယဖြစ်ဖွယ် ပူဖောင်းတလုံးကြောင့် ဇူလိုင် ၂၄ ရက် ညနေပိုင်းက လေကြောင်းခရီးစဉ်တွေကို ရပ်ဆိုင်းခဲ့ကြောင်း ကိုရီးယား လေဆိပ်ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
မြောက်ကိုရီးယားဟာ မကြာသေးခင်ရက်ပိုင်းအတွင်းမှာ တောင်ကိုရီးယားရဲ့ လေပိုင်နက်ထဲကို အမှိုက်တွေသယ်ဆောင်လာတဲ့ မိုးပျံပူဖောင်း ၅၀၀ လောက်ကို လွှတ်တင်ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။
Source-Reuters