မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ နေတိုးထိပ်သီးအစည်းအဝေး ကြေညာချက်ကို မြောက်ကိုရီးယားဟာ ပြင်းထန်စွာ ရှုတ်ချကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဇူလိုင် ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီတပတ် ဝါရှင်တန်မှာ ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ နေတိုး နိုင်ငံခေါင်းဆောင်တွေဟာ ယူကရိန်းနိုင်ငံအတွက် အဖွဲ့ဝင်ဖြစ်ရေး ကတိကဝတ်ကို အလေးပေးကြပြီး ရုရှားအတွက် တရုတ်ရဲ့ထောက်ခံမှုအပေါ် ပိုမိုခိုင်မာတဲ့ ရပ်တည်ချက်တရပ်ကို လုပ်ဆောင်ခဲ့ကြပါတယ်။
ထိပ်သီးဆွေးနွေးပွဲကြေညာချက်မှာ အီရန်နဲ့ မြောက်ကိုရီးယားတို့ဟာ မော်စကိုကို စစ်ရေးအကူအညီတွေ တိုက်ရိုက်ပံ့ပိုးခြင်းအားဖြင့် ယူကရိန်းမှာ ရုရှားရဲ့စစ်ပွဲကို မီးလောင်ရာလေပင့် လုပ်နေတယ်လို့ စွပ်စွဲထားပြီး တရုတ်ကိုလည်း ရုရှားရဲ့စစ်ပွဲအတွက် ရုပ်ပိုင်းဆိုင်ရာနဲ့ နိုင်ငံရေးအရ ပံ့ပိုးမှု ကြိုးပမ်းအားထုတ်ချက် အားလုံးကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီကြေညာချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ပယ်ချကြောင်း၊ ဒါဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေရဲ့ တရားဝင်အခွင့်အရေးတွေကို ချိုးဖောက်တဲ့ တရားမဝင် စာရွက်စာတမ်းဖြစ်ပြီး ကမ္ဘာတဝန်းလုံးမှာ စစ်အေးတိုက်ပွဲအသစ်နဲ့ စစ်ရေးထိပ်တိုက်တွေ့မှုတွေကို လှုံ့ဆော်ပေးတဲ့ ထိပ်တိုက်ရင်ဆိုင်ရေး အယူဝါဒ တခုဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
သီးခြားအားဖြင့် မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့စစ်ရေး ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ ကိုရီးယားကျွန်းဆွယ်အတွက် တိုးချဲ့အဟန့်အတားဖြစ်စေတဲ့ ပေါင်းစပ်စနစ်တခု ထူထောင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်ကို တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ နေတိုးထိပ်သီးအစည်းအဝေးရဲ့ ပြင်ပ အစီအစဉ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
Source-Reuters