ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ၂ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့သူတယောက် ဆေးဝါးကုသဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။
ကျောက်တော်မြို့နယ်၊ နိမ့်တင်ကျေးရွာကို ဇန်နဝါရီလအတွင်းက ရေတပ်ကက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ၇ဦး ထိမှန်တဲ့အနက် မောင်ဖြစ်သူနဲ့ မတ်ဖြစ်သူ သေဆုံးခဲ့ရတယ်လို့ သေဆုံးခဲ့သူရဲ့ မိသားစုဝင်တယောက်ဖြစ်တဲ့ မပူးရှူးက ပြောပါတယ်။
ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ သားဖြစ်သူ အသက် ၁၉ နှစ်အရွယ် မောင်တွာရေကို ဆေးခန်း ၂ ခု ပြောင်းရွှေ့ကုသခဲ့ပေမဲ့ ဒဏ်ရာမပျောက်ကင်းဘဲ ဆရာဝန်တွေက လက်ကို စတီးရိုး ထည့်ရမယ်ဆိုလို့ ဆိုပါတယ်။
ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေရတာဖြစ်လို့ သားဖြစ်သူကို စတီးရိုးထည့်ပေးဖို့ မတတ်နိုင်တာကြောင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေအနေနဲ့ ပံ့ပိုးကူညီပေးကြဖို့ အကူအညီ တောင်းခံချင်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီဟာ အပြစ်မဲ့ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ သေဆုံး ဒဏ်ရာရရှိခဲ့တဲ့အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေက အရေးယူပေးဖို့ တောင်းဆိုချင်တယ်လို့ ဆိုပါတယ်။
ဒေသခံအမျိုးသမီးက “နေဗီလာတာနဲ့ ဘာမှအပြစ်မရှိဘဲ ကျမတို့ကို ပစ်ပါတယ်။ လူ ၇ ယောက် ထိမှန်တာမှာ ၂ ယောက် သေသွားပါတယ်။ သေသွားတဲ့သူတွေက တယောက်က မောင်၊ တယောက်က မတ်ဖြစ်ပြီး ၅ ယောက် ဒဏ်ရာရရှိတဲ့အနက် ကျမသားက ဒဏ်ရာပြင်းထန်ပါတယ်။ လက်မှာ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံ ၂ ခုမှာ ကုသခဲ့ပေမဲ့ မပျောက်ကင်းသေးဘဲ ဒီကဆရာဝန်တွေက စတီးရိုးထည့်ရမယ်လို့ ပြောပါတယ်။ စတီးရိုးသာ ထည့်ရမယ်ဆိုရင် ကျမက လင်ယောကျ်ားလည်းမရှိဘဲ ကြုံရာကျပန်း လုပ်ကိုင်ပြီး တယောက်တည်း ရုန်းကန်နေရတာဖြစ်လို့ မတတ်နိုင်ပါဘူး။ ဒါကြောင့်မို့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ကျမရဲ့သားအတွက် ဆေးကုသစရိတ်ကို ပံ့ပိုးကူညီပေးကြပါ။ စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတ်ဖြတ်တဲ့အတွက်လည်း နိုင်ငံတကာက အရေးယူပေးပါလို့ တောင်းဆိုချင်ပါတယ်”လို့ ပြောပါတယ်။
နိမ့်တင်ကျေးရွာကို စစ်ကောင်စီနေဗီက ဝင်စုရွာဘက်ကနေ လှည့်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ တူသားဖြစ်သူနဲ့ သားမက်တော်စပ်သူတို့ သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူ အပါအဝင် ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သေဆုံးခဲ့သူတွေရဲ့ အဒေါ်တော်စပ်သူ ဒေါ်ရိုဘိကနိစက ပြောပါတယ်။
သေဆုံးခဲ့တဲ့သူတွေကတော့ အသက် ၂၅ နှစ်အရွယ် ကိုနံသာနဲ့ အသက် ၂၁ နှစ်အရွယ် ကိုအဒူးမားနားတို့ ဖြစ်ကြပြီး ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က အပြစ်မဲ့ပြည်သူတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အတွက် စစ်ကောင်စီကို နိုင်ငံတကာက အရေးယူပေးဖို့ တောင်းဆိုချင်တယ်လို့ ပြောပါတယ်။
ဒေါ်ရိုဘိကနိစက “ကျမက နေဗီလာမယ်လို့ သတိပေးတုန်းပဲ ရှိသေးတယ်၊ ဝင်စုရွာဘက်ကနေ နေဗီက လက်နက်ကြီနဲ့ လှမ်းပစ်ပါတယ်။ ရပ်နေတဲ့သူတွေ အိမ်ရှေ့ ရေမြောင်းနားမှာ လဲကျသွားပါတယ်။ ရေမြောင်းနားမှာ ၃ ယောက်၊ အိမ်အောက်မှာ ၄ ယောက် လဲကျသွားပြီး ၂ ယောက် သေဆုံးခဲ့တယ်။ အဒူမာလာမှာ ဦးနှောက်နဲ့ ဦးခေါင်းပြိုထွက်သွားကာ နံသာမှာက ရင်ဘတ်နဲ့ ခြေထောက်တွေမှာ လက်နက်ကြီးကျပြီး သေဆုံးခဲ့တာပါ။ ဘာမှအပြစ်မရှိဘဲနဲ့ လာရောက်ပစ်ခတ်တယ်။ သားတယောက်နဲ့ သားမက်တယောက် အသက်ဆုံးရှုံးခဲ့ရတယ်။ စစ်ကောင်စီကို နိုင်ငံတကာက အရေးယူပေးဖို့ တောင်းဆိုချင်တယ်”လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မေ ၁၃ ရက်အထိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပြည်သူ ၂၆၈ ယောက် သေဆုံးကာ ၆၄၀ ဒဏ်ရာရရှိခဲ့တယ်လို့ ULA/AA ရဲ့ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က မေ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။