မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာမှာ ဇူလိုင် ၄ ရက်က စစ်ကောင်စီတပ်က ဒရုန်းဗုံး အလုံး ၃၀ ကြဲချ တိုက်ခိုက်ခဲ့တဲ့အပြင် ဂျိုင်းမြစ်တွင်း ရပ်နားထားတဲ့ ရေတပ် စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၄ ရက် မွန်းလွဲပိုင်းလောက်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကော့ပနောကျေးရွာ လမ်းဆုံအနီးကို စစ်ကောင်စီတပ်ဘက်က ဒရုန်းဗုံး အလုံး ၃၀ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၃ လုံးနဲ့ စားသောက်ဆိုင် ၁ ဆိုင် ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ည ၁၀ နာရီလောက်က SCG ဘိလပ်မြေစက်ရုံ( ကျိုက်မရော)ဘက်ကို ဂျိုင်းမြစ်တွင်း ရပ်နားထားတဲ့ စစ်သင်္ဘောက လက်နက်ကြီး ၁၀ လုံးကျော် ထပ်မံပစ်ခတ်ခဲ့ရာ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ထိခိုက်သူမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က “တိုက်ပွဲဖြစ်ပွားတာမရှိဘူး။ အဲဒီအချိန် ကျောင်းတွေမှာ စာသင်ကြားနေတဲ့ အချိန်ဖြစ်တယ်။ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ ကျောင်းသားတွေ ဆရာ ဆရာမတွေနဲ့ ပြည်သူလူထုတွေ ထိန့်လန့် ကြောက်ရွံ့အောင် မနေရဲအောင်လုပ်တာလို့ မြင်တယ်။ နောက် ပညာသင်ကြားနေတဲ့ ကလေးတွေ စိတ်ဓာတ်ရာရအောင် စစ်ရှုံး စစ်ကောင်စီက လုပ်ဆောင်နေတာ”လို့ ပြောပါတယ်။
ဇွန် ၁၉ ရက်မွန်းလွဲ ၃ နာရီခွဲလောက်ကလည်း ကော့ပနောကျေးရွာလမ်းဆုံကို စစ်ကောင်စီတပ်က ဒရုန်း ၃ စင်းနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့(MMFD) ယဉ်ကျေးမှုရုံးနဲ့ နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။