Home
မြန်မာသတင်း
ကျိန္တလီမြို့၌ စစ်ကောင်စီက ငါးဖမ်းခွင့်ပိတ်ပင်
DVB
·
July 24, 2024

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ဇူလိုင် ၁၉ ရက်ကစပြီး ပင်လယ်မှာ ငါးဖမ်းခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သံတွဲမြို့နယ်မှာ စစ်ရှုံးနေတာကြောင့် ဂွမြို့နယ်ကို အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေ ရောက်ရှိလာမှာ စိုးရိမ်နေကြတဲ့အတွက် စစ်ကောင်စီက ဂွမြို့နယ်အတွင်းမှာ လုံခြုံရေးကို တင်းကျပ်လာတာဖြစ်တယ်လို့ ကျိန္တလီမြို့ခံတဦးက ပြောပါတယ်။

“ဇူလိုင်လ ၁၉ ရက်နေ့ကတည်းက ငါးဖမ်းခွင့်မပေးဘူးဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီက တဆင့် ​ပေးလာတာရှိတယ်။ ဘာကြောင့်ဆိုတာတော့ တိတိကျကျ မသိရဘူး။ အဓိကတော့ သံတွဲမြို့နယ်မှာ စစ်ရှုံးနေတာကြောင့် AA ရဲ့ထိုးစစ်တွေ ဂွဘက်ကို ကူးစက်လာမှာကို အရမ်းစိုးရိမ်နေတယ်။ အဲဒါကြောင့် လုံခြုံရေးကို တင်းကျပ်လိုက်တဲ့သဘောဖြစ်တယ်။”

သံတွဲမြို့နယ်အတွင်း တိုက်ပွဲတွေဟာ ဂွမြို့နယ်အစပ်အနားအထိ ရောက်ရှိလာပြီး လက်ရှိမှာ မောင်ရွှေလေးရေတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေသလို ဂွဘက်ကလာတဲ့ စစ်ကောင်စီ တပ်ကူတွေကို AA က ကြားဖြတ်တိုက်ခိုက်မှုတွေ ရှိတယ်လို့ သိရပါတယ်။

ကျိန္တလီမြို့မှာ ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာဖြစ်ပြီး စစ်ကောင်စီက ငါးဖမ်းခွင့် ပိတ်ပင်လိုက်တာကြောင့် အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေး ကျပ်တည်းမှု ရှိလာတယ်လို့ ရေလုပ်သားတဦးက ပြောပါတယ်။

“ဒီမှာက အဓိက ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးကြတာ။ အခု ငါးမဖမ်းရတော့ဘူး ဆိုတော့ ဘာနဲ့စားကြတော့မှာလဲ။ ပင်လယ်မှာလည်း ငါးမဖမ်းရဘူး။ တော၊ တောင်မှာလည်း စစ်ကောင်စီက မိုင်းထောင်ထားတာကြောင့် ဟင်းခူးတောင် မသွားရဲကြဘူး။ ဒီအတိုင်းဆိုရင် ငတ်ဖို့ပဲရှိတော့တယ်။”

ပြီးခဲ့တဲ့ ဇွန်လလယ်ပိုင်းကတည်းက စစ်ကောင်စီက ဂွမြို့အတွင်းမှာ ခံစစ်ပြင်ဆင်နေတဲ့ အနေနဲ့ တော၊ တောင်တွေမှာ မြေမြှုပ်မိုင်းထောင်ထားတာကြောင့် အရပ်သား ၃ ဦးထက်မနည်း မြေမြှုပ်မိုင်းထိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

လက်ရှိမှာ ဂွမြို့နယ်ကို ဧရာဝတီဘက်က စစ်ကူတွေ ဖြည့်တင်းထားပြီး မြို့အဝင်အထွက်တွေကိုလည်း စစ်ကောင်စီက လုံခြုံရေးတွေ အရင်ကထက် ၃ ဆနီးပါး တင်းကျပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024