Home
မြန်မာသတင်း
ရှမ်းတောင်တွင် စစ်ကောင်စီက သပြေစိုက်ပျိုးမှု တားမြစ်
DVB
·
July 24, 2024

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခုနှစ် သပြေပင်စိုက်ပျိုးမှုကို စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေးဌာနက တားမြစ်ထားတယ်လို့ သပြေပင်စိုက်ပျိုးသူတွေထံက သိရပါတယ်။

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ရက်ပိုင်းအကြာ ၁၁၁၁ အောင်သပြေ လူထုလှုပ်ရှားမှု ပြုလုပ်မယ့်သတင်းကြောင့် ရှမ်းတောင် အပါအဝင် နိုင်ငံအနှံ့ သပြေပန်းစိုက်ပျိုးမှု၊ ရောင်းချမှုတွေကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့တယ်လို့ ပြောပါတယ်။

အေးသာယာ သပြေပန်းစိုက် တောင်သူတဦးက “ထပ်စိုက်ရင် လာဖျက်ဆီးမယ်၊ အရေးယူမယ်တဲ့၊ လုံးဝမစိုက်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှုကနေတဆင့် ပြောတယ်။ စိုက်ပြီးသားလူလည်း အကုန်နုတ်ကြဖို့ ပြောပါတယ်။ ဘယ်လိုဆက်လုပ်ရမှန်းတောင် မသိတော့ဘူး” လို့ ပြောပါတယ်။

သပြေပန်းကို စိုက်ပျိုးခါစရက်ကစပြီး ၃ နှစ်ပြည့်မှသာ သပြေငုတ်ကို တူးယူနိုင်ပြီး နှစ်ရှည်ပင်လည်း ဖြစ်တယ်လို့ ပြောပါတယ်။

နောက်တောင်သူတဦးက “အရင်းလည်း များတယ်။ အချိန်လည်း အရမ်းပေးရတယ်။ သူခိုးလည်း ပေါတော့ ညဘက် စောင့်အိပ်ရတယ်။ ခုဆို သူတို့က မစိုက်ဖို့ ပြောတယ်။ တချို့ဆို အရှုံးခံပြီး ရောင်းကြရတယ်” လို့ ပြောပါတယ်။

မြန်မာ အယူအဆတချို့အရ သပြေပန်းမှာ အောင်အတိတ် အောင်နိမိတ်ဆောင်တဲ့ ပန်းအဖြစ် ယူဆထားကြလို့ ၁၁၁၁ အောင်သပြေလှုပ်ရှားမှုကြောင့် စစ်ကောင်စီက အခုလို ပိတ်ပင်ရတာ ဖြစ်နိုင်တယ်လို့ သပြေပန်းစိုက် တောင်သူတွေက ယူဆကြပါတယ်။

ရှမ်းတောင်မှာ သပြေပန်းကို အောင်ပန်း၊ အေးသာယာ၊ ရွှေညောင်မြို့နယ်တို့မှာ အဓိကစိုက်ပျိုးကြတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013