အိုလံပစ်အားကစားပြိုင်ပွဲမတိုင်မီ ဒေသခံအရာရှိတွေကို အားဖြည့်ဖို့ ပြင်သစ်မြို့တော်ပါရီမှာ ကင်းလှည့်နေတဲ့ နိုင်ငံခြားရဲအရာရှိ ဒါဇင်ပေါင်းများစွာကို ဇူလိုင် ၂၂ ရက်မှာ တွေ့ရလို့ ခရီးသည်တွေ အံ့အားသင့်ခဲ့ကြပါတယ်။
အံ့သြတကြီးဖြစ်နေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေက ဘရာဇီး၊ စပိန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က ရုပ်ရှင်သရုပ်ဆောင်တွေလို နိုင်ငံခြားရဲအရာရှိတွေကို အထင်ကရဖြစ်တဲ့ နေရာတွေမှာ အတူတွဲလျက် ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။
“နိုင်ငံတကာ လူစုလူဝေးတွေကို မြင်ရတာ အိမ်မှာနေရသလို ပိုဘေးကင်းတယ်လို့ ခံစားရတယ်” လို့ အမေရိကန်ခရီးသည်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
စပိန်ရဲအရာရှိ ၂၀၀ ကျော်ဟာ ပြင်သစ်မြို့တွေမှာ ကင်းလှည့်မှာဖြစ်ပြီး တခြား ဘရာဇီးနိုင်ငံသား ၂၀ လောက်ကလည်း ပြင်သစ်လုပ်ဖော်ကိုင်ဖက်တွေကို ကူညီမှာပါ။
နိုင်ငံပေါင်း ၄၀ ကျော်က ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁,၈၀၀ လောက်ဟာ ပြင်သစ်ရဲတပ်ဖွဲ့ကို ကူညီဖို့ မျှော်လင့်ထားတယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့က X လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဇူလိုင် ၂၆ ရက်မှာ ကျင်းပမယ့် ဆိန်းမြစ်ပေါ်က မကြုံစဘူး အိုလံပစ်ဖွင့်ပွဲ အခမ်းအနား အတွင်း လုံခြုံရေးအတွက် အထူးတပ်ဖွဲ့တွေ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄၅,၀၀၀ လောက်ကို တာဝန်ချထားမှာပါ။
စနိုက်ပါ လက်ဖြောင့်တပ်သားတွေကို လမ်းကြောင်းတလျှောက်က အဆောက်အဦတွေရဲ့ ခေါင်မိုးပေါ်မှာ တပ်ဖြန့်ထားမှာဖြစ်ပြီး ဒရုန်းတိုက်ဖျက်ရေးစနစ်ကိုလည်း ထားရှိမှာ ဖြစ်ပါတယ်။
ဂါဇာနဲ့ ယူကရိန်းနိုင်ငံတို့က စစ်ပွဲတွေနဲ့ ပြည်တွင်းလုံခြုံရေး စိုးရိမ်ချက်တွေကြောင့် ပြင်သစ်အစိုးရက သူ့နိုင်ငံ လုံခြုံရေးသတိပေးချက်ကို အမြင့်ဆုံးအဆင့်မှာ ထားထားပါတယ်။
ဇူလိုင် ၂၆ ရက် အခမ်းအနားအတွက် တိကျတဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုမျိုး မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။
Source-Reuters