ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပိန်းအင်းကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟာ ဇူလိုင် ၂၁ ရက်က စစ်မှုထမ်းမဲပေါက်တဲ့ အမျိုးသမီးဆီက စစ်မှုထမ်းအစားထိုးကြေး ငွေကျပ်သိန်း ၅၀ အထိ တောင်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လေးမျက်နှာမြို့နယ်၊ ပိန်းအင်းကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးက စစ်မှုထမ်းအမှတ်စဉ် ၃ အတွက် မဲနှိုက်ခဲ့ရာမှာ အမျိုးသမီးတွေပါ ထည့်သွင်းမဲနှိုက်ခဲ့ပြီး မဲပေါက်တဲ့ အမျိုးသမီးတယောက်ဆီက စစ်မှုထမ်းအစားထိုးကြေး ကျပ်သိန်း ၅၀ အထိ တောင်းယူတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မဲပေါက်တဲ့ အမျိုးသမီးကို စစ်မှုမထမ်းလိုပါက လူစားထိုးငှားဖို့ ငွေကျပ်သိန်း ၅၀ ပေးဖို့ အုပ်ကြီးက တောင်းတာ။ ခင်ဗျားတို့ပိုက်ဆံကို စားဖို့တောင်းတာမဟုတ်ဘူး။ မပေးလည်း စစ်မှုသွားထမ်းပေါ့လို့ ပြောတာ” လို့ ပြောပါတယ်။
စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “အမျိုးသမီးတွေပါ စစ်မှုထမ်းဖို့ စာရင်းကောက်နေတာ ဟုတ်တယ်။ အုပ်ကြီးတွေက အထက်က ညွှန်ကြားချက်နဲ့ လုပ်တာဆိုပြီး ပြောလုပ်နေတာပဲ။ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ တရားဝင် စာထုတ်တာတော့ မရှိသေးဘူး။ အဓိကေတာ့ အုပ်ကြီးတွေအတွက် ခွင်ပဲ၊ သူတို့က လုပ်စားနေတာ” လို့ ပြောပါတယ်။
လေးမျက်နှာမြို့နယ်ထဲက ကျေးရွာ ၂၀ လောက်မှာ စစ်ကောင်စီရဲ့ ညွှန်ကြားချက်အရဆိုပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းအမှတ်စဉ် ၃ အတွက် အသက် ၁၇ နှစ်ကနေ ၂၈ နှစ်အတွင်းရှိတဲ့ အမျိုးသမီးတွေကို စာရင်းကောက်ယူနေတာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဖို့ ရှောင်တိမ်းသွားရင် အိမ်မှာရှိနေတဲ့ မိသားစုတွေကို စစ်ကောင်စီတပ်က ဆင်းဖမ်းမယ်လို့ ရပ်ကျေး၊ အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။