Home
မြန်မာသတင်း
အိမ်တွင်းအကြမ်းဖက်မှုများ ထပ်ဖြစ်ပါက ကူညီမည်ဟု ထိုင်းရဲအရာရှိပြော
DVB
·
July 21, 2024
Photo - MOWYCA

ထိုင်းနိုင်ငံတွင်းမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ရင် တတ်နိုင်တဲ့ဘက်ကနေ တရားစွဲဆိုဖို့အထိ ကူညီသွားမယ်လို့ ထိုင်းရဲအရာရှိတယောက်က ပြောပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရပြီး ပိုင်ရှင်မဲ့အလောင်းအဖြစ် မဲဆောက်မြို့ ဆေးရုံကြီးမှာ ရက်ပေါင်း ၁၀၀ ကျော် ထိန်းသိမ်းခံခဲ့ရတဲ့ မထက်ထက်ဇော်ကို ဇူလိုင် ၁၉ ရက်နေ့က သင်္ဂြိုဟ်ရာမှာ ပြောဆိုခဲ့တာပါ။

အဲဒီရဲမှူးက “ဒီနိုင်ငံမှာ ဗမာတွေ ဒီလိုဖြစ်တာ ကျနော့်အတွက် ပထမဆုံးပါ။ ပထမဆုံးဆိုတော့ သေချာတော့ ကောက်ချက်မချနိုင်ဘူး။ ဒါပေမဲ့ တော်တော်စိတ်မကောင်းပါဘူး။ ဒီလိုအမှုတွေ ထပ်ဖြစ်လာခဲ့ရင်လည်း ထိုင်းဖြစ်ဖြစ်၊ ဗမာဖြစ်ဖြစ် ကျနော့်အနေနဲ့ ကူညီမှာပါ။ ကျူးလွန်သူ ကျူးလွန်တဲ့အပေါ် မူတည်ပြီး တရားရုံး ကဆုံးဖြတ်တာကို လုပ်စေချင်တယ်”လို့ စကားပြန်ကတဆင့် DVB သတင်းထောက်ကို ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ တရားမဝ င်နေထိုင်ကြတဲ့ မြန်မာအများစုဟာ တရားဝင်နေထိုင်သွားလာခွင့် အထောက်အထား တစုံတရာ မရှိတာကြောင့် အမှုကိစ္စတွေ ဖြစ်လာရင်လည်း နှုတ်ဆိတ်ပြီး နေခဲ့ကြရတဲ့ ဖြစ်စဉ်တွေရှိတာကြောင့် အထောက်အထားမရှိဘဲ အမှုဖွင့်ရင် ကူညီပေးနိုင်မလားလို့ မေးမြန်းရတဲ့အပေါ် အဲဒီလို ဖြေကြားခဲ့တာပါ။

အဲဒီ ထိုင်းရဲအရာရှိဟာ မထက်ထက်ဇော် ကျူးလွန်သတ်ဖြတ်ခံခဲ့ရတဲ့ အိမ်တွင်းအကြမ်းဖက်မှုကို အရေးယူနိုင်စေဖို့နဲ့ ရုပ်အလောင်းကို ထုတ်ယူသင်္ဂြိုဟ်နိုင်အောင် အများကြီးကူညီခဲ့သူ ဖြစ်တယ်လို့ အမှုကို ဦးဆောင်ဖော်ထုတ်ခဲ့သူ မထိပ်ထားက ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ် မထက်ထက်ဇော်ဟာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၆ ရက်နေ့က အိမ်တွင်းအကြမ်းဖက်ခံရလို့ သေဆုံးသွားခဲ့ပြီး သူ့ရဲ့ ရုပ်အလောင်းကို ဇူလိုင် ၁၉ ရက်နေ့က မဲဆောက်မြို့၊ ဝပ်မုတ်ကထန်သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

အဲဒီအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းတွေ၊ Sisters 2 Sisters အမျိုးသမီးများအဖွဲ့၊ ဆရာမ မထိပ်ထားနဲ့ မနောဖြူစင် နာရေးကူညီမှုအသင်း(မဲဆောက်)အဖွဲ့ဝင်တွေ၊ ဆွေမျိုးသားချင်းတွေ လာရောက်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013