အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ကြားဝင်စေ့စပ်ပေးအပြီးမှာ ရုရှားနဲ့ ယူကရိန်းတို့ တဖက်ကို စစ်သုံ့ပန်း ၉၅ ယောက်စီ ဇူလိုင် ၁၇ ရက်က လဲလှယ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးတို့က ပြောပါတယ်။
ပြန်လာတဲ့ ရုရှားစစ်သားတွေဟာ ဆေးစစ်ဖို့၊ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ပြန်လည်ပြုစုပျိုးထောင်ဖို့ ရုရှားမြို့တော် မော်စကိုကို လေယာဉ်နဲ့ လာကြလိမ့်မယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက တယ်လီဂရမ် လူမှုကွန်ရက်ပေါ်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
လွတ်လာတဲ့ စစ်သားတွေဟာ ယူကရိန်းက ထိန်းသိမ်းထားတာ ခံရချိန်က သေလုမြောပါး အန္တရာယ်ကို ရင်ဆိုင်ခဲ့ရတယ်လို့လည်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
လွတ်မြောက်လာတဲ့ ယူကရိန်း စစ်သုံ့ပန်းတွေဟာ ယူကရိန်းစစ်တပ်၊ အမျိုးသားအစောင့်တပ်နဲ့ နယ်ခြားစောင့်တပ်တွေက စစ်သည်တွေလို့ ဇလန်းစကီးက ပြောပါတယ်။
စစ်သုံ့ပန်းလဲလှယ်ရာမှာ ကူညီလို့ UAE အစိုးရကို ကျေးဇူးတင်တယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။
အခုတကြိမ် စစ်သုံ့ပန်းလဲတာဟာ သီတင်းပတ် ၇ ပတ်အတွင်း တတိယအကြိမ်ပါ။ ဇွန်လတုန်းကလည်း ရုရှားနဲ့ ယူကရိန်းတို့ဟာ UAE နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးချက်အရ အကျဉ်းသား အယောက် ၉၀ စီ လဲလှယ်ခဲ့ကြပါတယ်။
Source-Reuters