လာမယ့် ၂၀၂၅ ခုနှစ်မှာ ဂျာမနီနိုင်ငံက ယူကရိန်းအတွက် အကူအညီပေးမှုပမာဏကို ထက်ဝက်အထိ လျှော့ချဖို့ ပြင်ဆင်နေတယ်လို့ ဘတ်ဂျက်မူကြမ်းအရ သိရပါတယ်။
ဒီနှစ်ထဲမှာ ဂျာမနီရဲ့ အကူအညီပေးမှုဟာ ယူရိုငွေ ၈ ဘီလီယံအထိ ရှိခဲ့တာကြောင့် လာမယ့်နှစ်အတွင်း ၄ ဘီလီယံ လျှော့ချနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
တကယ်လို့သာ ဒေါ်နယ်ထရမ့်ပ် သမ္မတပြန်ဖြစ်လာခဲ့ရင် အမေရိကန်ရဲ့ ယူကရိန်းအတွက် ထောက်ပံ့မှုတွေလည်း လျော့ပါးလာနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း ကမ္ဘာ့အင်အားကြီး G7 အုပ်စုက အတည်ပြုထားတဲ့ ဒေါ်လာဘီလီယံ ၅၀ ဟာ ယူကရိန်းရဲ့ စစ်ဘက်ဆိုင်ရာ လိုအပ်ချက် အများစုကို ဖြည့်ဆည်းနိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။
ဒါဟာ ဥရောပမှာ ထိန်းသိမ်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေဆီက ရရှိလာမယ့် ချေးငွေကို ယူကရိန်းအတွက် ထောက်ပံ့မယ့် အစီအစဉ်လည်း ဖြစ်ပါတယ်။
ဒါကြောင့် ယူကရိန်းအတွက် လက်နက်ကြီးတွေဝယ်ယူဖို့ လျာထားတဲ့ ငွေကြေးကို အလုံးစုံသုံးမှာ မဟုတ်ဘဲ ဖြန့်ကျက်မျှထားမယ်ဆိုပြီး EU ခေါင်းဆောင်တွေက သဘောတူညီခဲ့ကြပါတယ်။
ဒါမှသာ အိမ်ဖြူတော်ဆီ ထရမ့်ပ် ပြန်ရောက်လာရင်တောင် ကိယက်ဗ်အတွက် ရန်ပုံငွေ ပြတ်လတ်နိုင်ခြေ နည်းပါးမှာဖြစ်သလို ဝါရှင်တန်ကလည်း ငွေအလုံးအရင်းနဲ့ ကြိုပေးထားနိုင်ဖို့ကို ဖိအားပေးလျက်ရှိပါတယ်။
ဂျာမနီဘဏ္ဍာရေးဝန်ကြီး ခရစ္စရှန် လင်ဒ်နာ ကတော့ “ယူကရိန်းအတွက် ငွေကြေးထောက်ပံ့ရာမှာ ကြိုမြင်နေရတဲ့ အနာဂတ်ကြောင့် G-7 ချေးငွေတွေနဲ့ ဥရောပလုပ်ငန်းစဉ်တွေကို ကျေးဇူးတင်ရမှာဖြစ်တယ်” ဆိုပြီး သတင်းစာရှင်းလင်းပွဲအတွင်း မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့ အလားအလာကောင်းနေတဲ့ ထရမ့်ပ် ကလည်း ဒု-သမ္မတလောင်းအဖြစ် ဂျေဒီဗန့်စ်ကို ရွေးချယ်လိုက်တဲ့အတွက် တပ်လှန့်ရာ ရောက်ခဲ့ပါတယ်။
ဘာကြောင့်လဲဆိုရင် အထက်လွှတ်တော်အမတ်ဖြစ်တဲ့ ဗန့်စ်က ယူကရိန်းအတွက် စစ်ရေးအကူအညီ ပေးမှုအပေါ် ဆန့်ကျင်သူဖြစ်သလို ဥရောပရဲ့ ကာကွယ်ရေးဆိုင်ရာ မှီခိုမှုကိုလည်း လျှော့ချချင်နေတာကြောင့်ပါ။
NATO အဖွဲ့ဝင်တွေဟာ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု (GDP) ရဲ့ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် ထည့်ဝင်ဖို့ ကတိပြုထားရပြီး ဂျာမနီနိုင်ငံက မပြည့်မီတဲ့အတွက် အကြိမ်ကြိမ် ဝေဖန်ခံခဲ့ရဖူးပါတယ်။
ဒါပေမဲ့လည်း ဂျာမနီတနိုင်ငံလုံးရဲ့ စုစုပေါင်း GDP ဟာ ၇၅ ဒသမ ၃ ဘီလီယံအထိ ရှိနေတာကြောင့် မဟာမိတ်အဖွဲ့လျာထားတဲ့ ၂ ရာခိုင်နှုန်းထက် ကျော်လွန်နေဦးမှာ ဖြစ်ပါတယ်။
Source-Reuters