ဗြိတိန်လေဘာပါတီအစိုးရသစ်ရဲ့ မူဝါဒလမ်းစဉ်ကို ဇူလိုင် ၁၇ ရက်မှာ အစဉ်အလာအတိုင်း တတိယမြောက် ချားစ်ဘုရင်က ဖတ်ကြားပြီး လွှတ်တော်သစ်ကို တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။
ဝန်ကြီးချုပ်သစ် ကီယာစတာမာရဲ့ ဥပဒေကြမ်း ၄၀ ပါ မိန့်ခွန်းကို ဘုရင်က ဖတ်ကြားပေးတဲ့ သဘောသာ ဖြစ်ပါတယ်။
ဒီအခမ်းအနားဟာ စည်းမျဉ်းခံဘုရင်စနစ်မှာ ဘုရင်ရဲ့ ဦးသျှောင်အဆင့်အတန်းနဲ့ အရပ်သားအစိုးရရဲ့ အခရာကျမှုကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
ဘုရင့်မိန့်ခွန်းအပြီး ဆွေးနွေးကြရာမှာ ဝန်ကြီးချုပ်သစ် ကီယာစတာမာက “လူပြိန်းကြိုက် ၉၆ ပါးပျောက်ဆေး” ဆိုတဲ့ အဖြေမျိုး မရှိဘူးလို့ ပြောသွားခဲ့ပြီး ပြဿနာတွေကို အချိန်ယူ ဖြေရှင်းရမှာ ဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။
“the snake oil charm of populism” လို့ပြောသွားခဲ့တာ ဖြစ်ပါတယ်။ မြွေဆီ (snake oil) ဆိုတာ လိမ်ဆင်၊ လုပ်ဇာတ်လို့ အဓိပ္ပာယ်ရပြီး တခေတ်တခါက ရောဂါအကုန်ပျောက်တဲ့ မြွေဆီဆေး ဆိုတဲ့ လိမ်ရောင်းတဲ့ကိစ္စကို အခြေတည်ပြီး ပေါ်ပေါက်လာတဲ့ ဆိုရိုးစကားဖြစ်ပါတယ်။
ဘုရင့်မိန့်ခွန်းမှာ စတာမာ အစိုးရရဲ့ ဥပဒေကြမ်း ၄၀ ကို ခြုံပြောသွားခဲ့ပြီး စီမံကိန်းနဲ့ အခြေခံအဆောက်အအုံ ဥပဒေကြမ်းလို စီးပွားရေးဖွံ့ဖြိုးမှုအတွက် ရည်ရွယ်တဲ့ ဥပဒေ အများအပြား ပါဝင်ပါတယ်။
“အမျိုးသားပြန်လည်ဆန်းသစ်ရေး” ကို အဓိကထားသွားခဲ့ပြီး အလုပ်သမားအခွင့်အရေး၊ စျေးချိုတဲ့ စွမ်းအင်နဲ့ အိမ်ရာကိစ္စတွေ၊ ရွှေ့ပြောင်းအခြေချမှု ကန့်သတ်မယ့် ကိစ္စတွေကို ဦးစားပေး ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
လေဘာပါတီအစိုးရဟာ အလုပ်သမား အခွင့်အရေး ဥပဒေကြမ်းအရ အလုပ်သမားဘက်က တောင်းဆိုတာမရှိရင် အလုပ်ချိန်အာမခံချက် မပေးတဲ့ စာချုပ်မျိုး ချုပ်တာမျိုး လုပ်လို့ရမှာ မဟုတ်တော့သလို လုပ်သက်ခံစားခွင့်တွေ မပေးချင်လို့ ဖြုတ်ပြီး ပြန်ခန့်တာမျိုးတွေလည်း လုပ်လို့ရမှာ မဟုတ်တော့ပါဘူး။
မီးဖွားခွင့်နဲ့ လစာအပြည့် ဆေးခွင့်ကို အလုပ်စခန့်ကတည်းက ပေးအပ်တာမျိုး အလုပ်သမားသမဂ္ဂတွေက တောင်းဆိုတာတွေလည်း ဖြည့်ဆည်းပေးထားပါတယ်။
နောက်တချက်ကတော့ ရထားလမ်းတွေကို နိုင်ငံပိုင်ပြန်လုပ်ဖို့ အစီအစဉ် ဖြစ်ပါတယ်။ သိမ်းလိုက်တာမျိုးမဟုတ်ဘဲ လက်ရှိစာချုပ်တွေ ပြည့်သွားရင် အစိုးရပိုင်အနေနဲ့ ပြန်လည်ပတ်မှာ ဖြစ်ပါတယ်။
ဒေသအစိုးရတွေဟာ ဘတ်စ်ကားလမ်းကြောင်းတွေ၊ အချိန်ဇယားတွေကိစ္စမှာ လုပ်ပိုင်ခွင့် ပိုရှိလာမှာဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီတွေ ခြယ်လှယ်မှုကို အဆုံးသတ်မှာ ဖြစ်ပါတယ်။
ဂရိတ်ဗြိတိန်စွမ်းအင် (GBE) လို့ခေါ်တဲ့ အစိုးရပိုင် စွမ်းအင်ကုမ္ပဏီ ထူထောင်မှာဖြစ်ပြီး စကော့တလန်မှာ ရုံးချုပ်ဖွင့်ပြီး သန့်ရှင်းစွမ်းအင်စီမံကိန်းတွေကို ပိုင်ဆိုင်၊ စီမံ၊ ခန့်ခွဲသွားမှာ ဖြစ်ပါတယ်။
အရသာပါဝင်တဲ့ Vapes ရောင်းချမှုတွေကို ကန့်သတ်တာ၊ ဆေးရွက်ကြီးရှူရှိုက်မှုကို တဖြည်းဖြည်းနဲ့ အလုံးစုံပိတ်မှာ၊ သရေစာကြော်ငြာအချို့ ကန့်သတ်မှာမျိုးတွေကနေ ဆူညံတဲ့ လမ်းကြမ်းစီးဆိုင်ကယ်တွေနဲ့ လမ်းမတွေပေါ်မှာ သောင်းကျန်းတာကို ထိန်းချုပ်ဖို့အထိ ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ ဥပဒေကြမ်းတွေလည်း ပါဝင်ပါတယ်။
Source-Reuters