မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး ထောင်တွင်းပုဒ်မများစွာနဲ့ အမှုရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။
ကျိုက်မရောအကျဉ်းထောင်မှာ ဇွန် ၂၅ ရက်က ညနေတန်းပိတ်ထားချိန်မှာ ဦးစီးမှူး ကျော်ဇင်အောင် ဦးဆောင်တဲ့ ဝန်ထမ်းအင်အား ၂၀ လောက်က နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုလွမ်းဝေအောင် (၁၉-စ)၊ ကိုအောင်ဇော်မင်း (၅၂-က)၊ ညီညီ (၅၂-က)၊ ကိုဇာနည်အောင် (၅၂-က)၊ ကိုနန္ဒအောင်လင်း (၅၀-ည) တို့ကို အင်အားသုံးပြီး လာရောက်ခေါ်ဆောင်ခဲ့တာလို့ PPNM က မနေ့ ဇူလိုင် ၁၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။
အကျဉ်းဦးစီးဘက်က လာရောက်ခေါ်ဆောင်ချိန်မှာ ခိုင်မာတဲ့ အကြောင်းပြချက် မပေးဘဲ အတင်းဆွဲခေါ်ထုတ်ခဲ့တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေက ပြန်လည်ရုန်းထွက်တာကြောင့် လေးခွနဲ့ပစ်တာအပြင် နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ပြီး အတင်းအဓမ္မ ခေါ်ဆောင်သွားတာလို့ PPNM ဦးဆောင်ကော်မတီဝင်တဦးက ပြောပါတယ်။
“လက်ရှိအချိန်ထိ ၅ ဦးလုံး တိုက်ပိတ်ခံထားရတယ်။ ထောင်ဝင်စာဧည့်တွေ့ခွင့်ရော အထဲကို ပါဆယ်ပို့ခွင့်တွေပါ ပိတ်ထားတာပါ။ ထောင်တွင်းပုဒ်မတွေနဲ့ပါ ထပ်ပြီး အမှုဖွင့်ထားတယ်လို့ ကြားတယ်။”
ကျိုက်မရောအကျဥ်းဦးစီးဌာနအနေနဲ့ အဲဒီ နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆(၁) အပြင် လာရောက်ခေါ်ဆောင်ချိန်မှာ အသာတကြည်မလိုက်ဘဲ ခုခံတယ်ဆိုတဲ့ အကြောင်းပြချက် ပုဒ်မ ၂၂၄ နဲ့ တရားစွဲဆိုထားပြီး တခြားပုဒ်မတွေနဲ့လည်း မတရား အမှုဖွင့်ထားကြောင်း သိရပါတယ်။
မွန်ပြည်နယ် ညွှန်ကြားရေးမှူး ဦးဇော်မင်းအောင်ရဲ့ ညွှန်ကြားချက်နဲ့ ဇွန် ၁၅ ရက်မှာ ကျိုက်မရောအကျဉ်းထောင်က နိုင်ကျဉ်းတွေကို ဒိုက်ဦးအကျဉ်းထောင်နဲ့ သာယာဝတီ အကျဉ်းထောင်တွေကို ထောင်ပြောင်းပို့ဆောင်ခဲ့ပြီးနောက် ထောင်ပိုင်နဲ့ ထောင်တာဝန်ရှိသူတွေကို အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း PPNM ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် အကျဉ်းသားတွေအပေါ် ဖိနှိပ်တာနဲ့ လာဘ်စားရာမှာ နာမည်ကြီးတဲ့ ချမ်းအေးကျော် မှာ ကျိုက်မရောထောင်ရဲ့ ထောင်ပိုင်ဖြစ်လာပြီး ထောင်ပိုင်လေးအဖြစ် ကျော်ကျော်ဦး၊ ဦးစီးမှူးအဖြစ် ကျော်ဇင်အောင်က တာဝန်ယူပြီး နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်လျက်ရှိကြောင်း ရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး မတရား ဖမ်းဆီးခံရသူ စုစုပေါင်း ၂၇,၀၀၀ ကျော်အထိ ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အချက်အလက်တွေအရ သိရပါတယ်။