Home
နိုင်ငံတကာ
ကင်ညာတွင် အမျိုးသမီး ၄၂ ဦးကို သတ်ဖြတ်ခဲ့သည့် ကွင်းဆက်လူသတ်သမားအား ဖမ်းမိ
DVB
·
July 16, 2024
Photo - REUTERS/Monicah Mwangi

ကင်ညာနိုင်ငံမှာ ၂ နှစ်အတွင်းမှာ အမျိုးသမီး ၄၂ ဦးကို သတ်ဖြတ်ပြီး အပိုင်းပိုင်းခုတ်ထစ် ဖျောက်ဖျက်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားတဦးကို ဖမ်းမိခဲ့တယ်လို့ ကင်ညာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ကျား၊ မ ကွဲပြားမှု အခြေပြု အကြမ်းဖက်မှုတွေ အထူးများပြားတဲ့ အာဖရိကနိုင်ငံမှာ ဒီသတင်းကြောင့် အမျိုးသမီးတွေကို ပိုမိုကာကွယ်ပေးနိုင်ဖို့ တောင်းဆိုမှုတွေ မြင့်တက်လာခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ကောလင်း ဂျူမိုင်ဆီ ခါလူရှာဟာ အမျိုးသမီး ၄၂ ဦးကို သွေးဆောင်ဖြားယောင်းပြီး သတ်ဖြတ်ကာ၊ အလောင်းဖျောက်ဖျက်ခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ လက်ရှိအချိန်အထိတော့ အလောင်း ၉ လောင်းပဲ ပြန်ရပါသေးတယ်။

ဒီအမျိုးသားဟာ ဆိုဝီတိုမြို့မှာ ယူရို ၂၀၂၄ ဗိုလ်လုပွဲကြည့်ဖို့ ကလပ်တခုကို သွားတဲ့အချိန် ဒေသစံတော်ချိန် တနင်္လာနေ့၊ မနက် ၃ နာရီလောက်မှာ ရဲက ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ပြန်ရတဲ့အလောင်းတွေဟာ ဆိုးဆိုးရွားရွား ခုတ်ထစ်ဖြတ်တောက်ခံထားရပြီး အထုပ်တွေနဲ့ ထည့်ပြီး ပစ်ထားတာလို့ သိရပါတယ်။

တောခုတ်ဓားတလက်၊ နိုင်လွန်အိတ် ၁၂ အိတ်၊ လုပ်ငန်းသုံးရာဘာလက်အိတ်တွေ၊ ဟာ့ဒ်ဒရိုက်တလုံး၊ စမတ်ဖုန်း ၈ လုံးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

လူသတ်သမားရဲ့ ထွက်ဆိုချက်အရ သူ့ဇနီးကို သူ အရင်ဆုံး သတ်ဖြတ်ခဲ့ပြီး အပိုင်းပိုင်း ခုတ်ထစ်ကာ လွှင့်ပစ် ဖျောက်ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။

တခြားအမျိုးသမီးတွေကိုလည်း အလားတူနည်းလမ်းနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ရေတွေပြည့်နေပြီး အမှိုက်ပစ်တဲ့နေရာဖြစ်နေတဲ့ စွန့်ပစ်ထားတဲ့ ကျောက်တွင်းတခုထဲမှာ အထုပ်တွေနဲ့ထည့်ပြီး သွားသွားပစ်ခဲ့တာလို့ ဆိုပါတယ်။

အသတ်ခံရတဲ့ အမျိုးသမီးတဦးရဲ့ မိုဘိုင်းဖုန်းမှာ အဲဒီအမျိုးသမီး ပျောက်သွားတဲ့နေ့က မိုဘိုင်း ငွေလွှဲမှတ်တမ်းကို စစ်ဆေးကြည့်ရာကနေ တရားခံကို ခြေရာခံမိတာ ဖြစ်ပါတယ်။

ဒီလောက် လူအများကြီးသတ်ခဲ့တာကို နှစ်နှစ်လောက် ရဲက လုံးလုံးလျားလျား မသိခဲ့ဘူးလား ဆိုပြီး မေးခွန်းထုတ် ဝေဖန်မှုတွေ ရှိနေပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024