ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ကျောက်ဆိပ်ကျေးရွာမှာ ဇူလိုင် ၁၀ ရက်က စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ သံတွဲဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့နဲ့ ၄ မိုင်လောက်သာ ကွာဝေးတဲ့ ကျောက်ဆိပ်ကျေးရွာကို စစ်ကောင်စီက ဇူလိုင် ၁၀ ရက် ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ သံတွဲဒေသခံတဦးက ပြောပါတယ်။
“ကျောက်ဆိပ်မှာက ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘူး။ စစ်ကောင်စီက ဒီအတိုင်း ရွယ်ရည်ချက်ရှိရှိနဲ့ ပစ်လိုက်တာဖြစ်တယ်။ အမျိုးသမီးတဦး သေတယ်။ နောက်ထပ်လည်း ၅ ဦးထက်မနည်း ဒဏ်ရာရတာရှိတယ်လို့ သိထားရတယ်။ အဲဒီဘက်က ဖုန်းလိုင်း ပြတ်တောက်နေတာကြောင့် အသေးစိတ်သိဖို့က နည်းနည်းခက်ခဲနေသေးတယ်။”
စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ မစန်းစန်းအေး (၃၀ နှစ်) ဖြစ်ပြီး ဒဏ်ရာရရှိသွားတွေရဲ့ အသေးစိတ်အချက်အလက်တွေကို DVB က စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နဲ့ ၁၀ ရက်တွေမှာလည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တဲ့ အတွက် သံတွဲမြို့နယ်မှာ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
လက်ရှိမှာ သံတွဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေနဲ့ ကျေးရွာတွေကို သံတွဲထောင်အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးတွေ လှမ်းပစ်နေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့နယ်အတွင်းမှာ အာရက္ခတပ်တော်က စစ်ကောင်စီတပ်ရင်းဖြစ်တဲ့ ခမရ ၅၆၆ နဲ့ လေဆိပ်တို့ကို သိမ်းပိုက်ထားပြီး ခလရ ၅၅ တပ်ရင်းကိုလည်း အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။