ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ စစ်ကောင်စီတပ်က VPN အသုံးပြုလို့ ဖမ်းဆီးခဲ့တဲ့ ဒေသခံ ၄ ယောက်ကို တယောက် ငွေ ၃ သိန်းအထိ တောင်းယူပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နဲ့ ၂၅ ရက်က ဒေသခံတွေရဲ့ လက်ကိုင်ဖုန်းတွေကို လုယူစစ်ဆေးပြီး ဖုန်းထဲမှာ VPN တွေ့ရှိတာကြောင့် အရပ်သားဒေသခံ ၄ ယောက်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်က ဇူလိုင် ၁၀ ရက်မှာ လူတယောက်ကို ကျပ် ၃ သိန်းတောင်းပြီး ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
အဖမ်းခံရသူတွေနဲ့ နီးစပ်တဲ့ ဒေသခံတယောက်က “စစ်ကောင်စီက တောင်းတာ ပုံစံအမျိုးမျိုးနဲ့ကို ငွေညှစ်နေတာ။ တယောက်ကို ၃ သိန်းပေးရတာ။ ထောင်ချလို့ရတယ်ပေါ့ ပြောသေးတာ။ VPN မသုံးဖို့ လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးတာ” လို့ ပြောပါတယ်။
အဲဒီ ဖမ်းဆီးထားသူတွေကို စစ်ကောင်စီတပ်က ကျိုက်လတ်မြို့နယ်ရဲစခန်းမှာ ချုပ်နှောင်ထားပြီး ပြန်လွှတ်ပေးဖို့အတွက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် စစ်ကောင်စီတပ်ကို ငွေပေးဖို့ ပြောဆိုတောင်းယူတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ဖမ်းခံရသူတွေက ထောင်ကျမခံနိုင်တော့ ကြောက်ပြီး တောင်းတဲ့ငွေအတိုင်း ပေးတာပေ့ါ။ ငွေပေးရတဲ့အကြောင်း အပြင်မှာထုတ်မပြောဖို့ စစ်ကောင်စီတပ်က တခါတည်းမှာခဲ့တာ။ VPN သုံးတာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက တင်းတင်းကျပ်ကျပ်ကို စစ်ဆေးခဲ့တာ။ စစ်ဆေးတဲ့ရက်က VPN တွေ့ရင်တော့ သူတို့အတွက် ခွင်ပဲလေ။ အခုရက်တော့ မတွေ့ပြန်ဘူး” လို့ ပြောပါတယ်။
ကျိုက်လတ်မြို့နယ်မှာ စစ်ကောင်စီတပ်က ဇွန် ၁ ရက်ကနေ ၃၀ ရက်အထိ အရပ်သားတွေရဲ့ လက်ကိုင်ဖုန်းတွေကို လုယူစစ်ဆေးပြီး VPN တွေ့လို့ ဖမ်းဆီးကာ ငွေညှစ်ခံရသူ ၁၆ ယောက်ထက်မနည်း ရှိတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။