တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၅ဝ ခန့်ပါ စစ်ကောင်စီတပ်အား ဒေသတွင်း တော်လှန်ရေးပူပေါင်းတပ်ဖွဲ့က အလစ်ငိုက်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးတဦးနဲ့ တပ်ကြပ် ၅ ဦး သေဆုံးပြီး တပ်ကြပ် ၂ ဦးအား အရှင်ဖမ်းဆီးမိခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်၁တပ်ရင်း ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောပါတယ်။
ဇူလိုင် ၁ဝ ရက် မွန်းတည့် ၁၂ နာရီအချိန်လောက်မှာ ခလရ ၂၈၅ တပ်ကနေ ပုလောမြို့နယ်၊ ၅ မိုင်ကျေးရွာဘက်ကို အင်အား ၅ဝ ခန့်နဲ့ ထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရှေ့ပြေးမိုင်းတလုံးနဲ့ အရင်တိုက်ခိုက်ခဲ့ပြီး အလစ်ငိုက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါဝင်ရောက် စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီစစ်ကြောင်းရဲ့ ဗိုလ်မှူးတဦးနဲ့ တပ်ကြပ် ၅ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း၊ မြိတ်ခရိုင်အမှတ် ၁တပ်ရင်းမှ ရဲဘော် ၁ ဦးဒဏ်ရာရပြီး ပုလောဒေသကာကွယ်ရေးတပ်က ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုအာနိုးက “စစ်ကြောင်း ကစဉ့်ကလျာဖြစ်တော့ ဗိုလ်မှူးပါတဲ့ တပ်စိတ်က ၅ မိုင် ဘုန်းကြီးကျောင်းထဲဝင်ပြေးတော့ ကျနော်တိုဘက်က အထဲဝင်စီးပြီး အနီးကပ်ရှင်းလင်းတာပါ။ အဲ့နေရာက အမြဲထိတွေ့ပစ်ခတ်နေတဲ့ နေရာဆိုတော့ ဘုန်းကြီးတွေလည်းမနေတော့ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကြောင်းမှာပါတဲ့ တပ်ကြပ် ၂ ဦးကိုလည်း ဘုန်းကြီးကျောင်းထဲကို ဝင်ရောက်စီးနင်းရာမှာ အရှင်ဖမ်းဆီးရမိခဲ့ကာ MA-7 ၆ဝ မမ စိန်ပြောင်းတလက်၊ ၅.၅၆ (ကပစ) ကျည် ၂၄၁၂ တောင့်၊ MA ကျည်ဘောက် ၂၇ ခုအပါအဝင် တခြားဆက်စပ် လက်နက်ခဲယမ်းနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုပါ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းမိသုံ့ပန်းတွေကို မေးမြန်းမှုအရ အဲ့ဒီခလရ ၂၈၅ တပ်ဟာ ၅မိုင်ရွာဘုန်းကြီးကျောင်းမှာရှိတဲ့ မီးစက်တလုံးကိုလာရောက်ယူဆောင်ဖို့အတွက် ဦးတည်ပြီးစစ်ကြောင်းထိုးလာတာလို့ မြိတ်ခရိုင်အမှတ်၁တပ်ရင်းရဲ့ ပြန်ကြာရေးတာဝန်ခံ ကိုအာနိုးက ပြောပါတယ်။
“ဘာဖြစ်ဆိုရင် ပုလောတမြို့နယ်လုံး မီးဖြတ်ပြီးတော့ ခလရတပ်ရင်းမှာရော ပုလောရဲစခန်းနဲ့ ပုလောမြို့တော်ခန်းမတို့မှာ မီးစက်သုံးလုံးထားဖို့အတွက် လာယူတာ။ သူတို့ဘက်က ပုလောမြို့နယ်ထဲ အင်အားအများကြီး ပို့ထားတယ်။ ပုလောမှာက မီးဖြတ်ချိန် ဖုန်းလိုင်းပါ ပြတ်တော့ မီးဖြတ်ချိန် စစ်ကြောင်းလှုပ်ရှားမယ့် သဘောရှိတယ်။”
ဖမ်းဆီးရမိတဲ့ တပ်ကြပ် ၂ ဦးကိုတော့ လက်ရှိမှာ စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုတွေကို မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း၊ ပုလောဒေသ ကာကွယ်ရေးတပ်၊ ကရင်အမျိုးသားကာကွယ်ရတပ် (KNDO)၊ တပ်ရင်း ၇ တပ်ခွဲ ၅ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီနေ့က တိုက်ပွဲအတွင်း ခလရ ၂၈၅ စစ်ကြောင်းရဲ့ နောက်မှာလိုက်ပါလာတဲ့ ဒုစစ်ကြောင်းမှူးတဦးက ဦးဆောင်လာတဲ့ စစ်ကြောင်းမှာ ရှေ့ဆက်မတိုးတော့ဘဲ တပ်ရင်းထဲပြန်လည်ဆုတ်ခွာသွားပြီး ညနေ ၅ နာရီလောက်မှာ တိုက်ပွဲငြိမ်သက်သွားတယ်လို့ ပြောပါတယ်။
ပုလောမြို့နယ် ခလရ ၂၈၅ တပ်ရင်းကို ဇူလိုင် ပထမအပတ်လောက်ကလည်း ရေလမ်းကနေ တပ်သားအင်အား ၁ဝဝ ကျော်ကို အင်အားဖြည့်ပို့ဆောင်ထားခဲ့ပြီး မီးလောင်ချောင်ရွာဘက်ကိုလည်း စစ်အင်အား ၃ဝဝ နီးလောက် အင်အားဖြည့်တင်းလာတာ တွေ့ရတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။