မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စိုက်ခင်းကပြန်လာတဲ့ အမျိုးသားတဦးကို စစ်ကောင်စီ စစ်ကြောင်းက ပစ်ခတ်သတ်ဖြတ်ခဲ့သလို အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေးမြို့နယ်၊ အာယုတောင်အခြေစိုက် ခမရ ၃၄၃ နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းပြီး အာယုတောင်တဝိုက်ကို စစ်ကြောင်းထိုးနေတဲ့ ဇူလိုင် ၈ ရက် မွန်းလွဲ ၁ နာရီလောက်က ခြံထဲကနေ ကွမ်းသီးခူးပြီး ပြန်လာတဲ့ အသက် ၅၀ ကျော်အရွယ် ဦးနိုင်ဝင်းကွယ်ကို ပစ်သတ်ခဲ့ပါတယ်။
ဒေသခံတဦးက “သူက ခြံထဲကနေ ကွမ်သီးသယ်ပြီး ပြန်လာတဲ့အချိန် စစ်တပ်စစ်ကြောင်းနဲ့ တိုးပြီး အပစ်ခံရတာ။ သေနတ် ၆ ချက်လောက် ပစ်ခံရပြီး နေရာမှာပဲ သေသွားတာ။ စစ်ကောင်စီတပ်သားတွေက သူ့ကိုပစ်ပြီး သူ့ဆိုင်ကယ်နဲ့ ပစ္စည်းတွေလည်း ယူသွားတယ်။ အခုလည်း အဲ့ဘက်တဝိုက် စစ်ကြောင်းထိုးနေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီနေ့မှာပဲ ကွမ်းသီးလိုက်ဝယ်နေတဲ့ အမျိုးသား ၂ ဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး သူတို့ဆိုင်ကယ်နဲ့ ပစ္စည်းတွေကို ယူဆောင်သွားခဲ့ပါတယ်။
ဖမ်းဆီးသွားတဲ့ အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်တွေက လူသားဒိုင်းသဖွယ် အသုံးပြုနေပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ ဦးနိုင်ဝင်းကွယ် အလောင်းကို ဒေသခံတွေက သွားရောက်သယ်ဆောင်ပြီး ဇူလိုင် ၈ ရက် ညနေပိုင်းမှာပဲ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
ရေးမြို့နယ်၊ အာယုတောင်တဝိုက်မှာ စစ်ကောင်စီတပ်သားတွေက မကြာခဏ စစ်ကြောင်းထိုးနေပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း လုပ်ဆောင်နေပါတယ်။