Home
မြန်မာသတင်း
စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည့် လူငယ်များကို စစ်ကောင်စီက ၅ နှစ်စာချုပ် လက်မှတ်ထိုးခိုင်း
DVB
·
July 10, 2024

ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ၂ နှစ် စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက  ၅ နှစ် စစ်မှုထမ်းဖို့ လက်မှတ်ရေးထိုးခိုင်းတဲ့ သတင်းတွေကြောင့် မိသားစုဝင်တွေ စိုးရိမ်နေပါတယ်။

နိုင်ငံတဝန်း စစ်မျက်နှာ တော်တော်များများမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ စစ်သားအင်အား ဖြည့်တင်းဖို့အတွက် စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်က ပြန်လည်အသက်သွင်းခဲ့တာပါ။

ဉပဒေမှာ စစ်မှုထမ်းရမယ့် အရွယ်ရောက်သူ နိုင်ငံသားတိုင်းကို ၂၄ လထက်မပိုတဲ့ ကာလအပိုင်းအခြားအတိုင်း စစ်မှုထမ်းရမယ်လို့ ဖော်ပြထားပါတယ်။ လက်တွေ့မှာတော့ စစ်တပ်က စစ်မှုထမ်းတဲ့ လူငယ်တွေကို ၅ နှစ်စာချုပ်မှာ လက်မှတ်ရေးထိုးခိုင်းနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြတာပါ။

စစ်မှုထမ်းပါသွားတဲ့သူရဲ့ မိသားစုဝင်တဦးက “သင်တန်းစသွားတုန်းကတော့ အဆက်အသွယ်ရသေးတယ်။ အခုက လုံးဝကို ဆက်သွယ်လို့မရတော့ဘူး။ မရလို့ သူတို့ စကားတွေ များနေကြတာ၊ သူ့မိန်းမလေးက စျေးထဲမှာ ငါးတို့ ကြက်သားတို့ ရောင်းတာ၊ သူ့အမျိုးကပဲ သူ့ယောကျ်ားကို ထည့်လိုက်တာ။ အဲဒီတုန်းကတော့ ၂ နှစ်ပဲ၊ ပြီးရင် ကိုယ့်အရပ်မှာပဲ ကိုယ်ပြန်နေရမှာဆိုလို့ အခု ၅ နှစ်စာချုပ် ချုပ်ခိုင်းတယ်လို့ ပြောတယ်။ အခု သူ့ယောကျ်ားကို ထည့်လိုက်တဲ့ သူ့ဦးလေးနဲ့ ပြဿနာတွေတက်နေတာ။ အခု အဲဒီကိစ္စက ရွာထဲလည်းပျံ့နေပြီး ပွစိပွစိတွေ ဖြစ်နေပြီ” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းထဲကနေ အဓမ္မခေါ်သွားခံရတဲ့ လူငယ်တယောက်ကို ခေါ်သွားချိန်ကစပြီး ဇွန်လဆန်းထဲအထိ အဆက်အသွယ် မရဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။

စစ်ကောင်စီကိုထောက်ခံတဲ့ လူမှုကွန်ရက်တွေမှာ စစ်မှုထမ်း ၅ နှစ်စာချုပ်ကို လက်မှတ်ထိုးခိုင်းတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် စိုးရိမ်ကြောင်း စစ်မှုထမ်းပါသွားသူတဦးရဲ့ ဦးလေးဖြစ်သူက DVB ကို ပြောပါတယ်။

“လာခေါ်သွားပြီး ပထမတော့ လေကြောင်းရန်ထဲမှာ ထားမယ်ဆိုပြီးတော့ ပြောတယ်။ နောက်တော့ ရှမ်းပြည်ဘက်ကိုပို့တယ်လို့ ကြားပြီးတော့ သတင်းအစအန ပြတ်သွားတယ်။ အခုကြားနေရတာက ၂ နှစ်ဆိုပြီး ၅ နှစ်ကို တိုးတယ်လို့ ကြားနေတယ်။ အတိအကျကိုတော့ ကျနော်တို့လည်း စုံစမ်းနေတာပေါ့။ ပထမ ခေါ်သွားချိန်မှာ သူ့ကိုဆေးစစ်မယ်၊ ဆေးစစ်ပြီးရင် သင်တန်းတက်ရမယ်ပေါ့။ နောက် ကြားလိုက်တာက ရှမ်းပြည်ဘက်ကို ပို့လိုက်ပြီတဲ့။ အစခေါ်တုန်းကတော့ ၂ နှစ်ဆိုပြီးတော့ လက်မှတ်ထိုးတော့ လိမ်ပြီး ၅ နှစ် ဆိုပြီး လိမ်လိုက်တယ်။”

၂၀၁၀ စစ်မှုထမ်းဥပဒေက အခုထိ နည်းဥပဒေမရှိ‌သေးပါဘူး။ ၅ နှစ်စာချုပ် ဆိုတာကလည်း အမြဲတမ်း စစ်မှုထမ်းသူတွေ ရေးထိုးရမယ့်စာချုပ်ပဲ ဖြစ်ပါတယ်။ အခု စစ်ကောင်စီ လုပ်နေတာက အရင်ကရှိထားပြီးသား ၁၉၆၀ တပ်မတော်နည်းဥပဒေအရ အမြဲတမ်း စစ်မှုထမ်းမယ့်သူတွေ ၅ နှစ်စာချုပ်မှာ လက်မှတ်ထိုးရသလို လုပ်နေတာလို့ စစ်ဥပဒေရေးရာ ကျွမ်းကျင်သူ၊ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ပြောပါတယ်။

“ဘယ်နိုင်ငံမှာမဆို စစ်တပ်ထဲကို ဝင်ရောက်တဲ့အခါမှာ ဘယ်နှနှစ် တာဝန်ထမ်းဆောင်ရမလဲ၊ တာဝန်ထမ်းဆောင်တဲ့ကာလ ကြားကာလအတွင်း ထွက်ပြေးခဲ့သည်ရှိသော် အရေးယူ အပြစ်ပေးခံရမယ်လို့ သိရှိပါကြောင်း စာချုပ်လုပ်ရတယ်။ ဒါက နိုင်ငံတိုင်းမှာရှိတယ်။ ၂ နှစ်တို့ ၃ နှစ်တို့ တာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့ စာချုပ်က ဥပဒေနဲ့ညီညွတ်တဲ့ စာချုပ်တော့ မဟုတ်ဘူး။ နိုင်ငံတကာကို ချပြလို့ကောင်းအောင် တရားဝင်မှုရအောင်လို့ ဆိုပြီး၊ ဒီစာချုပ်စာတမ်းတွေကို ဟန်ပြလုပ်နေတာပဲရှိတယ်။ တကယ်တော့ ၂၀၁၀ စစ်မှုဋ္ဌာန်းဥပဒေအရ တရားဝင် ပေါ်တာဆွဲနေတာပါ။”

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ပုလောက်မြို့၊ အမှတ် ၁၂ ခြေလျင်တန်းမြင့်သင်တန်းကျောင်းကနေ အမှတ်စဉ် ၂ သင်တန်းတက်ရောက် ပြီးစီးခဲ့သူတွေကို တတက ၁၂ ကျောင်းအုပ်ကြီးက ၅ နှစ် တာဝန်ထမ်းဆောင်ဖို့ လက်မှတ်ထိုးခိုင်းတာကြောင့် တပ်သားသစ်တွေနဲ့ သင်တန်းကျောင်းနည်းပြတွေ ပြဿနာတက်ခဲ့ကြောင်း တပ်သားသစ်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဉပဒေ အသက်ဝင်ကြောင်း  ကြေညာပြီးတာနဲ့ ဆက်တိုက်ဆိုသလိုပဲ အရန်တပ်ဖွဲ့ဥပဒေကိုလည်း အသက်သွင်းခဲ့သလို စစ်မှုထမ်းဆင့်ခေါ်ရေးကော်မတီ အဆင့်ဆင့် ဖွဲ့စည်းတာ၊ နည်းမျိုးစုံသုံး လူသစ်စုဆောင်းနေတာပါ။

မင်းညို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013