မြန်မာနိုင်ငံရဲ့ လူဦးရေထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေနေပြီး ကယားပြည်နယ်က အဆိုးရွားဆုံး ကြုံနေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ “ဆင်းရဲမွဲတေမှုနှင့် မြန်မာအိမ်ထောင်စုစီးပွားရေး - ပျောက်ဆုံးနေသော လူလတ်တန်းစားတခု” အစီရင်ခံစာအရ သိရပါတယ်။
နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ ၄၉ ဒသမ ၇ ရာခိုင်နှုန်းဟာ တရက်ကို ကျပ်ငွေ ၁၅၉၀ အဖြစ် UNDP က သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေမှုအခြေပြမျဉ်းအောက်မှာ နေထိုင်နေကြရတယ်လို့ဆိုပါတယ်။
ဒီပမာဏဟာ ၂၀၁၇ ခုနှစ်က လူဦးရေ ၂၄ ဒသမ ၈ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် ၆ နှစ်အတွင်းမှာ နှစ်ဆထိ တိုးလာတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ကျန်တဲ့ လူဦးရေရဲ့ လေးပုံတပုံဖြစ်တဲ့ ၂၅ ရာခိုင်နှုန်းဟာလည်း ဆင်းရဲမွဲတေမှုအခြေပြမျဉ်းကို ကျော်ရုံသာရှိပြီး ဆင်းရဲမွဲတေမှုရဲ့ ခြိမ်းခြောက်မှုဒဏ်ကို ခံနေရပါတယ်။
ဆင်းရဲမွဲတေမှုကွာဟချက်ကလည်း ၂၀၁၇ ကနဲ့ နှိုင်းယှဉ်ရင် ၅ ဆနီးပါး တိုးလာပါတယ်။ ဒါ့ကြောင့် တိုင်းပြည်ရဲ့ လူအားလုံး ဆင်းရဲမွဲတေမှုက လွတ်မြောက်ဖို့ဆိုရင် ငွေကြေးအကူအညီ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ လိုအပ်လိမ့်မယ်လို့လည်း UNDP က ဆိုပါတယ်။
၂၀၁၇ ခုနှစ်က ထုတ်ပြန်တဲ့ မြန်မာ့နေထိုင်မှုအခြေအနေစစ်တမ်းအရ အမျိုးသားဦးစီးတဲ့ အိမ်ထောင်စုနဲ့ အမျိုးသမီးဦးစီးတဲ့ အိမ်ထောင်စုတွေအကြားမှာ ဆင်းရဲမွဲတေမှုအချိုးက ကွာဟခြား မရှိသလောက်နည်းပါးပေမယ့် ၆ နှစ်အကြာမှာတော့ အမျိုးသမီးတွေ ဦးစီးနေရတဲ့ အိမ်ထောင်စုတွေဟာ ဆင်းရဲမွဲတေမှုအချိုးမှာ အမျိုးသားတွေဦးစီးတဲ့ အိမ်ထောင်စုတွေထက် ၁ ဒသမ ၂ ဆ ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။
မြန်မာကလေးငယ်ထက်ဝက်ကျော် ၅၃ ဒသမ ၉ ရာခိုင်နှုန်းဟာလည်း ဆင်းရဲမွဲတေမှုအောက် ကျရောက်နေပြီး တိုင်းပြည်ရဲ့ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်အတွက် အနုတ်လက္ခဏာပြနေတာလည်း ဖြစ်ပါတယ်။
မြန်မာ့အိမ်ထောင်စုရဲ့ ၃ ပုံ ၁ ပုံဟာ ဝင်ငွေလျော့ကျတာနဲ့ ရင်ဆိုင်နေရပြီး အဲ့ဒီထဲက ထက်ဝက်ကျော်ဟာ အရင်ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းအောက်ထိကို လျော့ကျသွားတယ်လို့ ဖော်ပြထားပါတယ်။
အလုပ်သမားတရဲ့ အနိမ့်ဆုံး တရက်လုပ်ခဖြစ်တဲ့ ၄၈၀၀ ကျပ်ရဲ့အောက်ကိုတောင် တိုင်းပြည်က လူတဦးချင်းရဲ့ အလယ်အလတ်ဝင်ငွေက ရောက်နေပြီး လူတစ်ဦးချင်းရဲ့ တလတာ အလယ်အလတ်ဝင်ငွေဟာ ၇၅,၀၀၀ ကျပ်သာ ရရှိနေပါတယ်။
အဆိုပါ ပမာဏဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ Inter-agency Cash Working Group က သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံမှာ လူတယောက် အသက်ရှင်ရပ်တည်မှုအတွက် သုံးစွဲဖို့လိုအပ်တဲ့ အနည်းဆုံးအသုံးစရိတ်ပမာဏ (Survival Minimum Expenditure Basket) ဖြစ်တဲ့ ကျပ် ၆၄,၀၀၀ နဲ့ မကွာတော့တဲ့ ပမာဏလည်းဖြစ်ပါတယ်။
လူတဦးချင်းရဲ့ဝင်ငွေပမာဏဟာ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ သိသိသာသာ လျော့ကျလာနေတယ်လို့လည်း ဆိုပါတယ်။ ဝင်ငွေအဓိကလျော့ကျရတဲ့ အဓိကအကြောင်းအရင်း ၃ ရပ်က စီးပွားရေးလုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည်လျော့နည်းလာတာ၊ အလုပ်အကိုင်ဆုံးရှုံးတာနဲ့ မိသားစုပိုင်လုပ်ငန်းတွေကို လျှော့ချလုပ်ကိုင်လာတာကြောင့်လို့ ဆိုပါတယ်။
အိမ်ထောင်စုတွေရဲ့ ပင်မဝင်ငွေအရင်းအမြစ်ဟာ လုပ်ခလစာတွေကနေ ရရှိနေကြတာဖြစ်ပြီး မကွေး၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းတို့က အိမ်ထောင်စုတွေကသာ စိုက်ပျိုးရေးကရရှိတဲ့ငွေဟာ ပင်မဝင်ငွေအရင်းအမြစ် ဖြစ်နေကြပါတယ်။
ဝင်ငွေတိုးမလာတာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာတာစတဲ့ လုပ်သားဈေးကွက် အားနည်းလာမှုတွေကြောင့် နိုင်ငံတွင်းက အိမ်ထောင်စုရဲ့ တဝက်လောက်ဟာ ဝင်ငွေရင်းမြစ်တခုတည်းကိုပဲ မှီခိုလာရပါတယ်။ မြို့ပြရော ကျေးလက်မှာပါ ဝင်ငွေတခုတည်းကို မှီခိုနေရတဲ့ အိမ်ထောင်စုအချိုးဟာ တူညီနေကြပါတယ်။
အသုံးစရိတ်ရဲ့ အများစုကို အစားအသောက်အတွက်သုံးစွဲနေကြရပြီး ချင်းပြည်နယ်တခုတည်းကသာ အစားအသောက်အတွက် အသုံးစရိတ်သုံးစွဲမှုပမာဏ နည်းပါးတာကို တွေ့ရပါတယ်။
အဲ့ဒါကလည်း အဓိကအားဖြင့် စိုက်ပျိုးရေးကို အခြေခံတဲ့ စီးပွားရေးကြောင့်ရယ်၊ အိမ်မှာ သီးနှံတွေစိုက်ပျိုးတာရယ်ကြောင့်လို့ ဆိုပါတယ်။ မြို့ပြမှာ အိမ်ထောင်စုရဲ့ တနှစ်တာ အသုံးစရိတ်စုစုပေါင်းပမာဏက ၇ ဒသမ ၄ သန်းရှိပြီး ကျေးလက်မှာ ၅ ဒသမ ၈ သန်း ရှိပါတယ်။
ဝင်ငွေနည်းလာတာနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာတွေကြောင့် အိမ်ထောင်စုတွေရဲ့ ၈၃ ရာခိုင်နှုန်းဟာ စားဝတ်နေရေးအတွက် အနည်းဆုံးနည်းလမ်းတခုခုသုံးပြီး ပြေလည်အောင် လုပ်နေကြရတယ်လို့ ဆိုပါတယ်။
စားသောက်စရိတ်မဟုတ်တဲ့ တခြားအသုံးစရိတ်တွေ လျှော့ချတဲ့နည်းလမ်းနဲ့ ပြေလည်အောင် အဓိကလုပ်နေကြရပြီး စုဆောင်းထားတဲ့ငွေတွေကို ထုတ်ပြီး သုံးစွဲလိုက်ရတာ၊ မိသားစုနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေဆီက ငွေချေးလိုက်ရတာ၊ အစားအသောက် လျှော့စားလိုက်ရတာတွေနဲ့ ပိုင်ဆိုင်မှုတွေ ရောင်းချလိုက်ရတာစတဲ့ နည်းလမ်းတွေနဲ့လည်း စားဝတ်နေရေး ပြေလည်အောင် လုပ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
အစီရင်ခံစာအရ ကယားပြည်နယ်ဟာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာကို တွေ့ရပါတယ်။
တဦးချင်းဝင်ငွေ အနိမ့်ကျဆုံးပြည်နယ်ဖြစ်နေပြီး ပျမ်းမျှအားဖြင့် ၄၄,၀၀၀ ကျပ်ဝန်းကျင်သာ ရရှိနေပါတယ်။ အိမ်ထောင်စုတဝက်အထိ ဝင်ငွေလျော့ကျတာလည်း ကြုံနေရပြီး၊ အိမ်ထောင်စု ၅၈ ရာခိုင်နှုန်းဟာ အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဝင်ငွေရင်းမြစ်တခုတည်းကိုပဲ တမိသားစုလုံးက မှီခိုနေရတဲ့အချိုးအစားကလည်း ၆၈ ရာခိုင်နှုန်းနဲ့ တနိုင်ငံလုံးမှာ အမြင့်ဆုံး ဖြစ်နေပါတယ်။ အိမ်ထောင်စု ထက်ဝက်ကျော် ၅၂ ရာခိုင်နှုန်းဟာ အစားအသောက်အတွက် သုံးရတဲ့ ကုန်ကျစရိတ်ကို လျှော့ချပြီး စားဝတ်နေရေးပြေလည်အောင် လုပ်ခဲ့ရသလို ၂၉ ရာခိုင်နှုန်းဟာလည်း ပိုင်ဆိုင်မှုတွေကို ထုခွဲရောင်းချခဲ့ရတယ်တယ်လို့ ဆိုပါတယ်။
ပဋိပက္ခတွေဖြစ်ပွားနေတာက ကယားလူထုအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေဖြစ်နေပြီး နေရပ်စွန့်ခွာရတာတွေနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေလည်း ရင်ဆိုင်နေရပါတယ်။ ကယားပြည်နယ်ရဲ့ နေရပ်စွန့်ခွာရသူအချိုးဟာ တနိုင်ငံလုံးမှာ အမြင့်ဆုံး ဖြစ်နေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ဟာ အဆိုပါ စစ်တမ်းကောက်ယူချိန်မှာ ပဋိပက္ခတွေ အနည်းငယ်လျော့ကျနေချိန်ဖြစ်နေပေမဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး အခြေအနေတွေက ပြောင်းလာနေတယ်လို့ ဆိုပါတယ်။
ပြင်ပက အကူအညီတွေ ရပ်ဆိုင်းတာ ဒါမှမဟုတ် သိသိသာသာ လျှော့ချထားတာမျိုး ကြုံနေရပြီး မိုခါမုန်တိုင်းပြီးနောက် ပြန်လည်ထူထောင်ရေးတွေစတဲ့အချိန်မှာ အခုလို ကူညီထောက်ပံ့မှုတွေ ကျဆင်းလာတာဟာ ကြီးမားတဲ့ ဆုတ်ယုတ်မှုဖြစ်တယ်လို့ UNDP ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။