Home
ရုပ်သံ
ဝိုင်းမော် စစ်ရှောင်စခန်းက ကလေးများ ဝမ်းရောဂါ အဖြစ်များနေပြီး အကူအညီလိုအပ်
DVB
·
July 10, 2024

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာနဲ့ လဘန်ကျေးရွာတွေက စစ်ရှောင်စခန်းတွေမှာ ဧရာဝတီမြစ်ရေ ကျသွားပြီးတဲ့နောက် ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။

စစ်ရှောင်ပြည်သူတဦးက “ကလေးတွေမှာလည်း အထက်လှန် အောက်လျှော အရမ်းများလာတယ်။ အခု ရေကြီးပြီးတဲ့နောက်ပိုင်းမှာလည်း ဖျားတာ နာတာတွေလည်း ဆက်တိုက်ဖြစ်နေကြတယ်။ ကလေးတွေကတော့ အားလုံးလိုပဲ ဖြစ်နေကြတယ်။ အခြေအနေက မဆိုးဘူး။ ကျမ ကိုယ်တိုင်လည်း ကလေး ၃ ယောက် ရှိတယ်။ အကုန်လုံး ဆေးရုံ ဆေးခန်းတွေလိုက်ပြပြီး မနေ့ကမှ ပြန်လာခဲ့တာ။ တော်တော်လေး အခြေအနေ ဆိုးသွားတယ်။ ကမ့်မှာလည်း ဓာတ်ဆားရေတွေသောက်ပြီး ဒီလိုပဲ ကုနေကြတာ။ အခုလည်း သက်သာတဲ့ ကလေးတွေရှိသလို အခြေအနေ ဆိုးနေသေးတဲ့ ကလေးတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ဆေးဝါးကူညီပေးနေတာရှိပေမယ့် လုံလောက်တာ မရှိသလို တချို့ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး အာဟာရချို့တဲ့နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ပြီး မြစ်ကြီးနားမြို့ထဲအထိ ရေဝင်ရောက်ခဲ့သလို ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ကျေးရွာထဲက ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ စစ်ရှောင်စခန်းအားလုံး ရေနစ်မြုပ် ပျက်စီးခဲ့တာပါ။

ကချင်ပြည်နယ် အထက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ဇွန် ၃၀ ရက် ညနေကစပြီး မြစ်ကြီးနားနဲ့ဝိုင်းမော်မြို့အားလုံးနီးပါး ရေဘေးဒုက္ခ ကြုံခဲ့ရတာပါ။

ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ကျေးရွာတို့ဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိတာကြောင့် အဲဒီက စစ်ရှောင်စခန်းတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။

ရေကြီးတာကြောင့် ပျက်စီးသွားတဲ့ စစ်ရှောင်စခန်းအဆောင်တွေရှိသလို တချို့အဆောင်တွေကတော့ ရွှံ့မြေတွေ ပြည့်နှက်ကုန်တာကြောင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေပေမဲ့ တချို့နေအိမ်အဆောင်တွေကတော့ နေထိုင်လို့ မရသေးဘူးလို့ အောင်မြေ ၂ ဒေသခံ စစ်ရှောင်တဦးက ပြောပါတယ်။

“ဒီလိုရေကြီးတာနဲ့ တခါမှလည်း မကြုံဖူးဘူး။ ရေက ဒီလောက်ကြီးလာမယ်လည်း မထင်ခဲ့တော့ ကြိုတင်ပြင်ဆင်တာတွေ ဘာမှမလုပ်ခဲ့ရဘူး။ လူပဲ လွတ်အောင် အရင်ပြေးခဲ့ရတယ်။ နီးစပ်ရာ တောင်ကုန်းပေါ်က အိမ်တွေမှာပဲ သွားခိုလှုံခဲ့ရတယ်။ စစ်မြေပြင်ကနေ မနည်းသယ်လာတဲ့ ပစ္စည်းတွေလည်း ရေထဲမျောပါသွားတာတွေလည်း အများကြီး ရှိတယ်။ အခုဆိုရင် ကျမတို့ အိမ်သာတွေမရှိဘူး။ အိမ်သာတွေလည်း မျှောပါသွားတယ်။ ရေကန်တွေလည်း မိုးကာနဲ့ပဲ လုပ်ထားတော့ အကုန်လုံးရေထဲ မျှောပါသွားပြီ။ လူနေအဆောင်တွေလည်း တချို့ ရေထဲမျှောသွားတယ်၊ တချို့ နဲ့သွားတယ်။ အခုကတော့ ပြုပြင်ဆဲ ပြန်လည်ထူထောင်နေဆဲပါ။ ကျမတို့ဆိုရင် အခုထိ အဆောင်မှာ သွားမအိပ်သေးဘူး။ ရွာထဲမှာပဲ နေကြသေးတယ်။”

လက်ရှိ စစ်ရှောင်စခန်းတွေက လူနေအဆောင်တွေ ရေနှစ်မြုပ်ပျက်စီးခဲ့တာကြောင့် လူနေအဆောင်တွေ လိုအပ်သလို အစားအသောက်နဲ့ သောက်ရေသုံးရေလည်း အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။

နောင်းချိန်းကျေးရွာက စစ်ဘေးရှောင်စခန်း ၁၄ ခုမှာ လူဦးရေ ၅ ထောင်ကျော် စစ်ရှောင်နေပြီး လဘန်ကျေးရွာမှာတော့ စခန်း ၆ ခုလောက်ရှိပြီး လူဦးရေ ၁ ထောင်ကျော် ခိုလှုံနေတာပါ။  

အဲဒီစစ်ရှောင်စခန်းတွေမှာ ဂါးရာယန်၊ ရွှေညောင်ပင်၊ အောင်မြေ ၁ ၊ အောင်မြေ ၂ ၊ ဝူယန်၊ လမြန် စတဲ့ကျေးရွာက ဒေသခံပြည်သူတွေ အများဆုံး တိမ်းရှောင်နေကြတာဖြစ်ပြီး စစ်ရှောင်ကာလ ၃ လလောက်ရှိလာပြီ ဖြစ်ပါတယ်။

KBC လူမှုကူညီရေးအဖွဲ့ HDD မှ ပြုစုထားတဲ့စာရင်းအရ ကချင်ပြည်နယ်မှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်စုစုပေါင်း ၃ သောင်းကျော်၊ အိမ်ခြေ ၇ ထောင်ကျော် ထပ်တိုးခဲ့ကြောင်း သိရပါတယ်။ 

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013