ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်းနဲ့ လင့်ခ်လမ်းထောင့်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲကင်းတခုကို ဇူလိုင် ၁၀ ရက် မနက် ၈နာရီခွဲကျော်လောက်မှာ ဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရသွားတယ်လို့ God’s Hand Force တာဝန်ရှိသူ ဆရာကျောင်းက ပြောပါတယ်။
“သူတို့ရဲ့အလစ်အငိုက်ကို စောင့်ရတယ်။ သူတို့ရောက်သွားတဲ့အချိန် ခွဲလိုက်ပါတယ်။ မျက်မြင်ပဲ ရဲ ၂ ယောက် ထိသွားတယ်။”
အဲဒီရဲကင်းဟာ လမ်းထောင့်ရှိ မီးပွိုင်ထိပ်မှာ ရှိတာဖြစ်ပြီး ပုံမှန်စောင့်နေကျ ရဲတွေအပြင် နေ့လယ်နဲ့ ညပိုင်းတွေမှာ မော်တော်ပီကယ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ ရှိနေကြပါတယ်။
ရန်ကုန်မြို့ခံတဦးက “ပေါက်ကွဲသံက မြေနီကုန်းအထိ ကြားရတယ်။ လင့်ခ်လမ်းထဲမှာလို့ ပြောတယ်။ လမ်းပိတ်ထားတာတော့ မရှိသေးဘူး”လို့ ဆိုပါတယ်။
အခုလိုတိုက်ခိုက်ဖို့ God’s Hand Force အနေနဲ့ ၂ ပတ်ခန့် စောင့်ကြည့်ပြီး M 043 စစ်ဆင်ရေး အဖြစ် ဖော်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။