မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ အိုရင်းကျေးရွာက အမျိုးသမီးတဦးကို စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၇ ရက်နေ့မှာ မုဒိမ်းကျင့် သတ်ဖြတ်ပြီး လူနေအိမ် ၃၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အိုရင်းကျေးရွာကနေ ထွက်ပြေးလာသူတဦးက “မနက်စော ၅ နာရီခွဲလောက်မှာ စစ်သားတွေ ရွာထဲကို သေနတ်တွေဖောက်ပြီး ဝင်လာကြတယ်။ တွေ့တဲ့လူတွေကိုဖမ်းပြီး ထိုင်ခိုင်းထားတယ်။ ရွာထဲက အသက် ၃၀ ဝန်းကျင်လောက်ရှိတဲ့ ကလေးမလေးတယောက်ကို ဝိုင်းမုဒိမ်းကျင့်ပြီး ပစ်သတ်သွားကြတယ်။ စစ်သားတွေရဲ့ ယုတ်မာရက်စက်မှု ကမ်းကုန်ပါတယ်ဗျာ။ ရွာကို နောက်ထပ် စစ်ကြောင်းထပ်ဝင်မှာစိုးလို့ ကျနော်တို့လည်း ပြေးလာကြတာပါ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အိုရင်းကျေးရွာအတွင်းမှာ တနေကုန်နီးပါးနေပြီး ရွာခံပြည်သူတွေရဲ့ နေအိမ်တွေအတွင်းက အဖိုးတန်ပစ္စည်းတွေ၊ ဆန် ဆီ အစရှိတဲ့ စားစရာတွေကို ယူဆောင်သွားကြတဲ့အပြင် ည ၈ နာရီဝန်းကျင်မှာ ကျေးရွာသားတွေရဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားကြသေးတယ်လို့ သိရပါတယ်။
ဒေသခံရွာသားတဦးက “စစ်သားတွေက ည ၈ နာရီလောက်မှာ ရွာကိုမီးရှို့တယ်။ ကျနော်တို့လည်း ကြည့်နေရတာပေါ့။ သွားငြှိမ်းရင် ပစ်သတ်မှာဗျ။ သူတို့စစ်သားတွေ ည ၁၂ နာရီကျော်လောက် ရွာကနေ ပြန်ထွက်သွားမှ မီးငြှိမ်းကြရတာ။ အိမ် ၂၇ လုံးကတော့ လုံးဝ မီးလောင်ပျက်စီးသွားတယ်။ အဖျက်ခံရတဲ့ အိမ်တွေနဲ့ဆို ၃၀ ကျော်တာပေါ့” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ဒေသခံပြည်သူတွေနဲ့ အိုရင်းကျေးရွာ ဘုန်းကြီးကျောင်းက သံဃာတော်တွေရဲ့ ဖုန်းတွေကိုပါ သိမ်းဆည်းယူဆောင်သွားကြပြီး ဒေသခံပြည်သူ ၂၀ နီးပါးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။
အိုရင်းကျေးရွာကို ဝင်ရောက်ပြီး အမျိုးသမီးတဦးကို မုဒိမ်းကျင့် သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့သွားကြသူတွေဟာ မြိုင်နယ်တောင်ပိုင်း၊ တွင်းမကျေးရွာ၊ ပျူစောထီးစခန်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဖြစ်ကြတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။