၂၀၂၁ ခုနှစ်က တာလီဘန်တွေ အာဏာသိမ်းချိန် NGO တခုမှာ အလုပ်လုပ်နေတဲ့ ဖိုရိုဇန်ကို ဟီစတာနီဟာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး တခြားအလုပ်တခုကို ပြောင်းလုပ်ဖို့ ရှာဖွေခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ ဖိုရိုဇန်ကိုဟီစတာနီဟာ ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ကိတ်မုန့်ဖုတ်တဲ့ လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး တာလီဘန်တို့ စိုးမိုးချိန် ကန့်သတ်ချက်တွေ များပြားတဲ့ကာလမှာ အလုပ်ရှာရခက်တဲ့ အာဖဂန်အမျိုးသမီးတွေအတွက် မျှော်လင့်ချက်တွေ ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။
စွန့်ဦးအမျိုးသမီးလုပ်ငန်းရှင် ဖိုရိုဇန်ကိုဟီစတာနီက “ပြည်သူ့အစိုးရအုပ်ချုပ်တုန်းက NGO တခုမှာ ကျမ အလုပ်လုပ်ခဲ့ပါတယ်။ နိုင်ငံရေးပြောင်းလဲမှုတွေဖြစ်ပြီး အလုပ်မရှိဖြစ်တဲ့အချိန် အိမ်မှာ ဘာမှမလုပ်ဘဲ ထိုင်မနေချင်ပါဘူး။ ဒါ့ကြောင့် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကျမကိုယ်တိုင်နဲ့ နိုင်ငံအတွက် တခုခုလုပ်ပေးဖို့ ဆန္ဒရှိတာကြောင့် စီးပွားရေးလုပ်ငန်းတခု စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အထူးသဖြင့် ပညာရေးချို့တဲ့ပြီး အလုပ်မရှိတဲ့ အမျိုးသမီးတွေ အတွက်ပေါ့။ ဒီအမျိုးသမီးတွေထဲက အချို့ဟာ သူတို့မိသားစုတွေအတွက် တဦးတည်း ရုန်းကန်ရှာဖွေပေးနေရသူတွေပါ” လို့ ပြောပါတယ်။
ချေးငွေ အာဖဂါနစ် ၃၅၀,၀၀၀ (ဒေါ်လာ ၄,၈၇၀) နဲ့ ၂၀၂၂ ခုနှစ်မှာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁၅ ဦးကို ငှားရမ်းပြီး ကိတ်လုပ်ငန်းကို စတင်ခဲ့တာပါ။ လုပ်ငန်းအစမှာ သူ့ရဲ့လုပ်ငန်းကနေ အာဖဂါနစ် ၁၀၀,၀၀၀ (ဒေါ်လာ ၁,၃၉၀) ရခဲ့ပြီး အလုပ်သမားတွေ လစာပေးမှုနဲ့ မိသားစုလိုအပ်ချက်တွေကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဖဂန်နိုင်ငံ စီးပွားရေးကျဆင်းလာမှုနဲ့အတူ လုပ်ငန်းစပြီး ၁ နှစ်အကြာ သူ့ဝင်ငွေက ၅၀ ရာခိုင်နှုန်းအထိ လျော့ကျလာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူ့လုပ်ငန်းက ဒေဝါလီခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ကိုဟီစတာနီဟာ ပြီးခဲ့တဲ့ ၂ လက ဘဏ်ချေးငွေ ထပ်လျှောက်ခဲ့ပေမဲ့ အရင်ယူထားတဲ့ချေးငွေ မဆပ်နိုင်သေးတာကြောင့် ချေးငွေရဖို့ ငြင်းပယ်ခံခဲ့ရပါတယ်။
“ဘဏ်ကို ချေးငွေရဖို့ သွားတဲ့အချိန် အိမ်ပိုင်တဲ့စာရွက်စာတမ်း ရှိလားဆိုပြီး အမေးခံခဲ့ရပါတယ်။ ဒါက ကျမတို့အတွက် အဓိကစိန်ခေါ်မှုတခု ဖြစ်ပါတယ်။ ဒုတိယမေးခွန်းက အစိုးရအလုပ်မှာ တာဝန်ထမ်းဆောင်သူ ၂ ဦးရဲ့ ထောက်ခံချက်လိုတယ်လို့ ပြောပါတယ်။ ဒီအချက်ကလည်း ကျမတို့အတွက် အရမ်းခက်ခဲတဲ့အချက်ပဲ ဖြစ်ပါတယ်” လို့ ဖိုရိုဇန်ကိုဟီစတာနီက သူကြုံတွေ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
လက်ရှိအချိန်မှာတော့ ကိုဟီစတာနီဟာ သူ့အလုပ်အကြွေးကင်းဖို့နဲ့ ဒေဝါလီခံရမယ့် အရေးကနေ ရှောင်လွှဲနိုင်ဖို့ သူငယ်ချင်းတွေဆီကနေ ချေးယူဖို့ ကြိုးစားနေပါတယ်။ ကိုဟီစတာနီရဲ့ ဝန်ထမ်းတွေကလည်း အလုပ်ပိတ်ထားရမှာ စိုးရိမ်နေပြီး ဒီအလုပ်သာမရှိရင် သူတို့တွေအတွက် လမ်းပေါ်ထွက် တောင်းစားဖို့ကလွဲပြီး အခြားရွေးစရာ မရှိတော့ပါဘူး။
ဆက်လက်ပြီး ဖိုရိုဇန်ကိုဟီစတာနီက “ကျမတို့ စီးပွားရေးပြိုလဲရင် စိတ်ပျက်စရာတွေကလွဲပြီး ကျမတို့မှာ ဘာမှကျန်မှာမဟုတ်ပါဘူး။ ဒီအချက်က ကျမတို့ကို စိတ်ဓာတ်ကျစရာဖြစ်လို့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီမုန့်လုပ်ငန်းဟာ အမျိုးသမီး အလုပ်သမားတွေအတွက် တခုတည်းသော မျှော်လင့်ချက် ဖြစ်ပါတယ်။ ဒီအလုပ်သာမရှိရင် သူတို့လည်း လမ်းပေါ်မှာ တောင်းစားရမယ့် အခြေအနေ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ ကိုဟီစတာနီရဲ့လုပ်ငန်းဟာ တာလီဘန်တွေရဲ့ တင်းကျပ်မှုကြောင့် မြို့အတွင်းနဲ့ ဈေးတွေကိုတောင် သွားလို့မရတဲ့ ပြဿနာမျိုးတွေကအစ ပြဿနာတွေ အများကြီးနဲ့ ကြုံတွေ့နေရပါတယ်။ အမျိုးသားအစောင့်အရှောက်မပါဘဲ မြို့ထဲမသွားရဲတဲ့ အဖြစ်မျိုးတွေ ဖြစ်လာသလို အမျိုးသားတွေမပါဘဲ အလုပ်လုပ်ခြင်း၊ သွားလာခြင်းတောင် မပြုလုပ်ဖို့ တာလီဘန်တွေက ကန့်သတ်ထားတာ ဖြစ်ပါတယ်။
အမျိုးသမီးဝန်ထမ်းတဦးဖြစ်တဲ့ နီဒါမိုမီနီက “ဒီအလုပ်ကို မဆုံးရှုံးချင်ပါဘူး၊ ဒီအလုပ်သာ ဆုံးရှုံးခဲ့မယ်ဆိုရင် အိမ်မှာထိုင်နေရတာကလွဲပြီး ဘာမှရှိမှာမဟုတ်ပါဘူး။ အမျိုးသမီးအများစုမှာ လက်တွဲဖော်အမျိုးသားတွေ မရှိတာကြောင့် သူတို့မိသားစုအတွက် တဦးတည်းကနေ အဓိကလုပ်ကျွေးနေရသူ ဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်လက်မဲ့ဖြစ်မှုက သူတို့အတွက် ကြီးမားတဲ့ပြဿနာပါ။ အလုပ်မရှိရင် လမ်းပေါ်ထွက် တောင်းရမှာ သေချာပါတယ်” လို့ ပြောပါတယ်။
အာဖဂန်အမျိုးသမီးလုပ်ငန်းရှင် ၃,၁၀၀ အနက် ၄၁ ရာခိုင်နှုန်းက လုပ်ငန်းရပ်တည်နိုင်ဖို့ ဘဏ်တွေမှာ ငွေေချးရပြီး အဲဒီအထဲကမှ ၅ ရာခိုင်နှုန်းသာ ငွေချေးမှု အောင်မြင်ပါတယ်။
တာလီဘန်တွေဟာ အမျိုးသမီးတွေ အလုပ်လုပ်တာကို မတားမြစ်ဘူးလို့ ဆိုပေမဲ့ အလှပြင်ဆိုင်တွေ ပိတ်ခိုင်းလို့ အမျိုးသမီး ၁၀,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး အမျိုးသမီးတွေရဲ့ သွားလာလှုပ်ရှားမှုကအစ ကန့်သတ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ အာဖဂန်မှာ အမျိုးသမီးတွေဟာ ကော်ဇောရက်လုပ်ငန်း၊ လက်မှုလုပ်ငန်း၊ အသီးခြောက်လုပ်ငန်း၊ ဟင်းခတ်အမွှေးအကြိုင်လုပ်ငန်းတို့ကို အဓိကလုပ်ကိုင်လေ့ ရှိပါတယ်။