လာမယ့် ၅ နှစ်အတွင်း ကမ္ဘာတဝန်း သန်းကြွယ်သူဌေး၊ မီလျံနာ အရေအတွက် ဆက်လက်တိုးပွားနေမှာဖြစ်ပြီး ထိုင်ဝမ်နိုင်ငံကတော့ ရာခိုင်နှုန်းအများဆုံး တိုးတက်မယ်လို့ UBS Global Wealth Management က ထုတ်ပြန်တဲ့ ကမ္ဘာ့ကြွယ်ဝမှု အစီရင်ခံစာက ဖော်ပြပါတယ်။
ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံနဲ့ ဒေသ ၅၆ ခုအနက် ၅၂ ခုမှာ ဒေါ်လာတသန်းနဲ့အထက် ပိုင်ဆိုင်တဲ့ အရွယ်ရောက်ပြီးသူ အရေအတွက်ဟာ ၂၀၂၃ ကနေ ၂၀၂၈ အတွင်း တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
မိုက်ခရိုချစ်ပ်ပြား ထုတ်လုပ်မှုလုပ်ငန်း တခေတ်ဆန်းမှုနဲ့ ချမ်းသာတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအခြေချမှု မြင့်တက်လာတာကြောင့် ထိုင်ဝမ်မှာ သန်းကြွယ်သူဌေး ၄၇ ရာခိုင်နှုန်းတောင် တိုးမယ်လို့ စစ်တမ်းက ဖော်ပြပါတယ်။
ထိုင်ဝမ်နောက်မှာတော့ တူရကီက ၄၃ ရာခိုင်နှုန်း၊ ကာဇက်စတန်က ၃၇ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားက ၃၂ ရာခိုင်နှုန်း၊ ဂျပန်က ၂၈ ရာခိုင်နှုန်း တိုးမယ်လို့ မှန်းပါတယ်။
ကမ္ဘာမှာ သန်းကြွယ်သူဌေးအများဆုံးရှိတဲ့ နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ပြည်မကြီးကတော့ ၁၆ နဲ့ ၈ ရာခိုင်နှုန်းစီ တိုးလာမယ်လို့ မှန်းပါတယ်။
ဒါပေမဲ့ ဗြိတိန်မှာတော့ ၁၇ ရာခိုင်နှုန်းတောင် ကျသွားမယ်လို့ UBS က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ ဗြိတိန်ဟာ ကမ္ဘာမှာ မီလျံနာအရေအတွက် တတိယအများဆုံးရှိနေပြီး စီးပွားရေး အနေအထားအရ ရှိသင့်တဲ့အရေအတွက်ထက် ပိုများနေတယ်လို့ UBS က ဦးဆောင်စီးပွားရေးပညာရှင် ပေါလ် ဒိုနိုဗန်က သုံးသပ်ပါတယ်။
ဗြိတိန်မှာ မီလျံနာ ကျလာနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ အရင်းအနှီးတွေ ပြည်ပကို စီးထွက်တာ၊ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုကြောင့် ဗြိတိန်က ရုရှားသူဌေးတွေ စွန့်ခွာတာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နယ်ခံမဟုတ်တဲ့ သူဌေးတွေဟာ အခွန်နည်းတဲ့ ဒူဘိုင်းတို့ စင်ကာပူတို့ကို ရွှေ့ကုန်တာကလည်း တကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။
ပြင်သစ်နဲ့ အီတလီမှာတော့ သန်းကြွယ်သူဌေး အရေအတွက်ဟာ ဆက်တိုးတက်ဖို့ ရှိပါတယ်။ ရုရှားမှာလည်း သန်းကြွယ်သူဌေး ၂၁ ရာခိုင်နှုန်းလောက် တိုးလာဖို့ရှိတယ်လို့ ခန့်မှန်းပါတယ်။
၂၀၂၂ မှာ ကမ္ဘာတလွှား ချမ်းသာကြွယ်ဝမှုနှုန်း ကျသွားပေမဲ့ ၂၀၂၃ မှာ ပြန်တိုးလာခဲ့တယ်လို့လည်း ဆိုပါတယ်။
Source-Reuters