Home
မြန်မာသတင်း
သံတွဲအခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုကို AA သိမ်းပိုက်
DVB
·
July 12, 2024

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ကြည်းတပ်ရင်း ၂ ရင်းကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီလို့ အာရက္ခတပ်တော် (AA) က ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

သံတွဲမြို့နယ်အခြေစိုက် စစ်ကောင်စီ ကြည်းတပ်တွေဖြစ်တဲ့ ခမရ ၅၆၆ တပ်ရင်းနဲ့ ခလရ ၅၅ တပ်ရင်း ၂ ခုလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်ထားတာဖြစ်ပြီး စစ်ဗျူဟာ အထိုင်ချထားတဲ့ သံတွဲလေဆိပ်ကိုပါ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

သံတွဲအခြေစိုက် တပ်ရင်းတွေထဲက ခမရ ၅၆၆ တပ်ရင်းကို ဇွန် ၂၇ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ဗျူဟာ အထိုင်ချထားတဲ့ သံတွဲလေဆိပ်ကို ဇူလိုင် ၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့သလို လက်ကျန်တပ်ရင်းဖြစ်တဲ့ ခလရ ၅၅ ကို ဇူလိုင် ၉ ရက် မနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ထွက်ပြေးလွတ်မြောက်နေသူတွေ၊ စစ်ကူလာပေးသူတွေနဲ့ သံတွဲမြို့ထဲမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေက မြို့တွင်းခုခံစစ် ပြင်ဆင်နေတဲ့အတွက် သံတွဲမြို့တခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်မယ့် ထိုးစစ်တွေကို ဆက်လက်ဆင်နွှဲရဦးမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

သံတွဲအခြေစိုက် တပ်ရင်းတွေကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် ရခိုင်တောင်ပိုင်းကို အာရက္ခတပ်တော်က ထိန်းချုပ်သွားနိုင်မယ့်သဘောရှိပြီး စကခ ၅ တောင်ကုတ်ကို ဖိအားပေးနိုင်မယ့်သဘော ရှိသွားပြီလို့ စစ်ရေးအကဲခတ်တဦးက ပြောပါတယ်။

“သံတွဲက ကြည်းတပ် ၂ တပ်လုံး ကျသွားပြီဆိုတော့ သံတွဲမြို့လည်း သိပ်ကြာတော့မှာ မဟုတ်ဘူး။ AA ဘက်ကတိုက်ရင် စစ်ကောင်စီက ဘယ်လိုမှ ခုခံနိုင်မှာမဟုတ်ဘူး။ သံတွဲမြို့နယ်တခုလုံးကိုသာ AA ဘက်က သိမ်းပိုက်နိုင်လိုက်မယ်ဆိုရင် ရခိုင်တောင်ပိုင်းကို AA က စိတ်ကြိုက်ထိန်းချုပ်လို့ရမယ့်သဘော ဖြစ်သွားပြီ။ ဂွမြို့နယ်က ချောင်ပိတ်သွားပြီးတော့ စကခ ၅ အခြေစိုက်တဲ့ တောင်ကုတ်ကိုလည်း စစ်ရေးအရ ဖိအားပေးနိုင်တဲ့ အခြေအနေရှိတယ်။”

သံတွဲမြို့နယ်အတွင်းမှာ စစ်ကောင်စီက ခမရ ၅၆၆၊ ခလရ ၅၅ နဲ့ မောင်ရွှေလေးရေတပ်တို့ အခြေစိုက်ထားပြီး လက်ရှိမှာ ခမရ ၅၆၆ တပ်ရင်းနဲ့ ခလရ ၅၅ တပ်ရင်းတို့ကို သိမ်းပိုက်ထားပြီ ဖြစ်တာကြောင့် မောင်ရွှေလေးရေတပ်နဲ့ သံတွဲထောင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်လောက်ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ မောင်တောမြို့နယ်မှာလည်း စစ်ကောင်စီတပ်စခန်း တခုဖြစ်တဲ့ မကျီးချောင်း နယ်ခြားစောင့်တပ်စခန်းကို ဇူလိုင် ၁၁ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်းတွေ၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မောင်တောမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းတခုဖြစ်တဲ့ နခခ ၅ မြို့သူကြီးစခန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မောင်တောမြို့ကိုလည်း ဝိုင်းရံပိတ်ဆို့ထားကာ တမြို့လုံးကို သိမ်းပိုက်ရယူနိုင်ဖို့အတွက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၊ ဓညဝတီ ရေတပ်ဌာနချုပ်၊ ဒေသကွဲကပ်ရေး စစ်ဌာနချုပ် (ဒကစ-စစ်တွေ) နဲ့ အမှတ် ၅ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၅) တို့ကိုလည်း ဝန်းရံပိတ်ဆို့ထားပြီး တချို့တပ်စခန်းတွေကို စတင်တိုက်ခိုက်နေပြီလို့ အာရက္ခတပ်တော်ဘက်က ကြေညာထားပါတယ်။

ရခိုင်တိုက်ပွဲ ၈ လနီးပါးအတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၀ ခုအထိ သိမ်းပိုက်ထားပြီး နောက်ထပ် မြို့နယ် ၄ ခုမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013