Home
မြန်မာသတင်း
မန္တလေးတွင် ဌာနဆိုင်ရာဝန်ထမ်းများကို စစ်ကောင်စီက အခြေခံစစ်သင်တန်း တက်ခိုင်း
DVB
·
July 11, 2024

အာဏာသိမ်းစစ်ကောင်စီဟာ မန္တလေးမြို့က ဌာနဆိုင်ရာရုံးတွေမှာရှိတဲ့ ဝန်ထမ်းတွေကို အခြေခံစစ်သင်တန်း တက်ရောက်ခိုင်းနေတယ်လို့  ဝန်ထမ်းတွေထံက သိရပါတယ်။

မန္တလေးမြို့က မီးရထားဝန်ထမ်းတဦးက “ဌာနဆိုင်ရာတခုစီက အသက် ၄၀ အောက် ယောကျ်ားလေးဝန်ထမ်း ၂ ယောက်နှုန်း တက်ရမယ်လို့ စာရင်းကောက်နေတယ်။ မတက်ချင်တဲ့သူတွေများရင် မဲနှိုက်ရမယ်တဲ့လေ။ အခြေအနေမဟန်ရင် ပြေးမှာ” လို့ DVB ကို ပြောပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ တပ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေတဲ့အတွက် စစ်ဘေးကြိုတင်ကာကွယ်တဲ့အနေနဲ့ အရပ်ဘက် ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်သင်တန်းတက်ခိုင်းနေတာ ဖြစ်တယ်လို့ မန္တလေးနန်းတွင်းက စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

လ၀ကရုံး ဝန်ထမ်းတဦးက “ကျနော်တို့ရုံးကတော့ စစ်သင်တန်းတက်ရမယ့် လူစာရင်းတွေ ပေးလိုက်ရပြီ။ တချို့ရုံးတွေဆိုရင် အဲဒီစစ်သင်တန်းတက်နေရပြီလို့တောင် ကြားတာဗျ။ စစ်ဖြစ်လာရင် ကာကွယ်ဖို့ ကြိုပြီးတက်ခိုင်းတာတဲ့လေ” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ မန္တလေးကို ထိုးစစ်ဆင်လာနိုင်တာ ဖြစ်တဲ့အတွက် ဌာနဆိုင်ရာ ဝန်ထမ်းတွေကို အခုလို စစ်သင်တန်းပေးပြီး စစ်ကောင်စီတပ်အနေနဲ့ စစ်သားလိုအပ်ချက်အရ စစ်သင်တန်းဆင်းပြီးသား ဌာနဆိုင်ရာ ဝန်ထမ်းတွေကို စစ်မြေပြင်တွေအထိ ခေါ်ယူမှာကို စိုးရိမ်နေကြတယ်လို့ မန္တလေးမြို့က ဌာနဆိုင်ရာ ဝန်ထမ်းတွေဆီကနေ သိရပါတယ်။

မန္တလေးမှာ မြို့တွင်းတိုက်ပွဲတွေ ဖြစ်ပွားလာပါက စာရွက်စာတမ်းတွေကို မီးရှို့ပြီးမှ ပုန်းရှောင်ကြဖို့ စစ်ကောင်စီက သူတို့ရဲ့လက်အောက်ခံ ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ညွှန်ကြားထားတာလည်း ဖြစ်ပါတယ်။

မန္တလေးမြို့က အမည်မဖော်လိုတဲ့ မြို့ခံတဦးက “အခုဆိုရင် စစ်ရေးအခြေအနေဟာ မန္တလေးရဲ့ မိုင် ၂၀ အတွင်းကို ရောက်နေပြီဆိုတော့ စစ်သားတွေက မန္တလေးအဝင်အထွက်တွေမှာ အင်အားတိုးမြှင့်ပြီး မြို့လုံခြုံရေးကို တင်းတင်းကျပ်ကျပ် လုပ်နေတယ်ဗျ။ မြို့ထဲကို PDF တွေ ဝင်လာလည်း ကျနော်တို့ ပြည်သူတွေက မကြောက်ဘူး။ သူတို့မှာ စည်းရှိတယ်။ ပြည်သူကို ဘာမှမလုပ်ဘူး။ ကျနော်တို့ကြောက်တာက စစ်တပ်ဗျ။ စစ်တပ်က ဘုန်းကြီးမရှောင်၊ ပြည်သူမရှောင် မြို့တွေထဲကို ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်မှာကို စိုးရိမ်တာ” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် မန္တလေးတိုင်းအတွင်းက မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တွေမှာ စစ်ဆင်ရေးတွေ ဆောင်ရွက်နေပြီး ဇူလိုင် ၃ ရက်အထိ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၂၅ ခုနဲ့ စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းပေါင်း ၁၁ ခုတို့ကို တိုက်ခိုက်သိမ်းပိုက် ရရှိထားတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013