Home
မြန်မာသတင်း
အာဏာစွန့်ပြီး ကြားဖြတ်အစိုးရ ဖွဲ့စည်းဖို့ စစ်ခေါင်းဆောင်ကို တရုတ်တိုက်တွန်းချက် လက်တွေ့ ဖြစ်နိုင်မလား 
DVB
·
July 12, 2024
Photo Credit- Chinese Embassy

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ အာဏာကိုစွန့်ပြီး ကြားဖြတ်အစိုးရတပ်ရပ် ဖွဲ့စည်းဖို့ တရုတ်ကို မကြာသေးခင်ကမှ သွားရောက်ခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်းခဲ့တယ်လို့ စင်္ကာပူ အခြေစိုက် Channel News Asia သတင်းက ဖေါ်ပြပါတယ်။

ဒီအချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အာဏာသိမ်းခဲ့ပါတယ်ဆိုတဲ့ စစ်တပ်ကို ဖွဲ့စည်းပုံကို ဖျက်သိမ်းလိုက်ရာ ရောက်သွားနိုင်တဲ့အတွက် အာဏာသိမ်းစစ်တပ်က စဉ်းစားမှာမဟုတ်ဘူးလို့ နိုင်ငံရေးအသိုင်းအဝိုင်းကသုံးသပ်ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD ) အထွေထွေအတွင်းရေးမှူး  ဦးစိုင်းလိတ်က “၂၀၀၈ ကို စစ်တပ်ဘက်က အပျက်ခံမှာမဟုတ်ဘူး။ အပျက်ခံလိုက်တာနဲ့ တရားဝင်မှုက လုံးဝပျောက်သွားပြီ။ တခြားနည်းလမ်း တခုပဲသုံးလိမ့်မယ်လို့ ကျနော်ထင်တယ်။ စစ်တပ်ကပဲ အာဏာဆက်ပြီးရယူမယ်။ ယာယီအစိုးရပုံစံမျိုးဖွဲ့တယ်ဆိုရင်တောင်မှ သူတို့အာဏာ စက်ကွင်းက မလွတ်တဲ့ နည်းလမ်းကိုပဲသူတို့ရွေးချယ်လိမ့်မယ်”လို့ ပြောပါတယ်။

တရုတ်နိုင်ငံဘက်က တိုင်းရင်းသားတွေလိုချင်တဲ့ နိုင်ငံရေးအာဏာခံချက်ကို စစ်တပ်ဘက်ကပေးပြီး တွေ့ဆုံဆွေးနွေးကြဖို့ လိုလားနေတဲ့အပြင် အစိုးရအသစ်တခု ပြောင်းပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို တည်ငြိမ်အောင်ထိန်းသိမ်းဖို့ လိုလားနေတာပါ။

တရုတ်နိုင်ငံအနေနဲ့ မှန်မှန်ကန်ကန်ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းမှာ တကယ်ပဲတွေ့ဆုံဆွေးနွေးမှုတွေကိုလုပ်ဖို့  အစကတည်းဆန္ဒရှိခဲ့ရင် မြန်မာနိုင်ငံဟာ ဒီကနေ့လို အခြေအနေမျိုးဖြစ်လာမှာမဟုတ်ဘူးလို့လည်း SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေအပေါ် ပြည်သူတွေအပါအဝင် တိုင်းရင်းသားတွေဘက်ကရော အတိုက်အခံနိုင်ငံရေးပါတီတွေဘက်ကပါ လက်သင့်ခံနိုင်ဖို့မရှိတာကြောင့် တခြားတယောက်က အာဏာလွှဲယူပြီး တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကနေတဆင့် တိုင်းပြည်ကို ပုံမှန်အခြေနေဖြစ်အောင် ပြန်ထိန်းသိမ်းဖို့က ဖြစ်နိုင်ခြေအတော်နည်းတဲ့ စဉ်းစားချက်ဖြစ်တယ်လို့ သုံးသပ်မှုတွေလည်းရှိပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရှိန်းထွန်းက “မင်းအောင်လှိုင်က အာဏာစွန့်လိုက်ပြီးတော့ သမ္မတဟောင်းဦးသိန်းစိန်အာဏာပြန်ကိုင်မယ်ဆိုရင်လည်း ၂၀၁၀ တုန်းက အခင်းအကျင်းမျိုး လုံးဝမဖြစ်နိုင်တော့ဘူး။ အခုနိုင်ငံရေးပါရာဒိုင်းက အကုန်လုံးပြောင်းသွားပြီ။ ဘယ်လောက်တောင် ပြောင်းသွားလဲဆိုရင် ပင်လုံမတိုင်ခင်အနေအထားမျိုးကို ပြန်ရောက်သွားပြီ။ ပင်လုံမတိုင်ခင် အနေထားမျိုးနဲ့ပြန်ညှိကြရမယ်။ ၂၀၁၀ NCA သဘောမျိုးနဲ့ ချဉ်းကပ်လို့ကို မရတော့ဘူး”လို့ ပြောပါတယ်။

လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ပြီး တရုတ်နိုင်ငံဘက်ကလိုလားတဲ့ တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်ဖို့အတွက်ဆိုရင် စစ်တပ်အနေနဲ့ ကြိုတင်သတ်မှတ်ချက်တွေမထားဘဲ နိုင်ငံရေးကနေ အပြီးထွက်သွားမယ်ဆိုတဲ့ ကတိမျိုးပေးနိုင်ခဲ့ရင် ဆွေးနွေးမှုလမ်းကြောင်းက ပွင့်သွားနိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲကနေ စစ်တပ်ကစဉ်းစားပြီး တိုင်းရင်းသားတွေလိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်တွေပေးဖို့ ဆွေးနွေးမယ်ဆိုရင်လည်း ဆွေးနွေးပွဲဟာဖြစ်လာမဟုတ်သလို တခြားတယောက်ကို အာဏာလွှဲပြီး အစိုးရအသစ်တခုနဲ့အစားထိုးဖို့ကလည်း မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “အဲဒါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူး။ တကယ်တမ်း အာဏာကို ဆက်ပြီးတိုးချင်တယ်ဆိုရင်တောင် ၂၀၀၈ ဖွဲ့စည်းပုံမှာ အကန့်အသတ်ရှိတယ်။ သမ္မတကို နိုင်ငံကပုံမှန်အခြေနေရှိနေပါပြီဆိုပြီး အပ်ရမှာ။ ဦးသိန်းစိန်ကို အပ်လို့ကိုမရဘူး။ သမ္မတဦးသိန်းစိန်ကသာ တရုတ်ဖိအားကြောင့် နိုင်ငံ့ခေါင်းဆောင်တာဝန်ကို ယူတယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံလည်း အလိုလိုပျက်ပြီးသားဖြစ်တယ်။ အာဏာကိုလည်း ဆက်တိုးဖို့မလိုဘူး။  ဖွဲ့လိုက်တဲ့အစိုးရအသစ်နဲ့ပဲ ဆက်လျှောက်ဖို့လိုတာပေါ့”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတော်အာဏာကို ပြန်လည်လွှဲပေးဖို့စဉ်းစားရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေတဆင့် နိုင်ငံတော်သမ္မတကို အာဏာပြန်လည် လွှဲအပ်ရမှာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၂ ပါပြဋ္ဌာန်းချက်တွေအတိုင်း  ကာကွယ်ရေးဦးစီးချုပ်ကို လွှဲအပ်ထားတဲ့ နိုင်ငံတော်အာဏာကို ပယ်ဖျက်ရမှာဖြစ်ပါတယ်။

အဲဒီနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ ပုဒ်မခွဲ (က) အရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှတ်တော်တွေဖွဲ့စည်းခြင်း မပြုနိုင်သေးခင် ဥပဒေပြုရေး အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာအားလုံးကို ကျင့်သုံးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အဲဒီအပြင် ပုဒ်မခွဲ (ခ) အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဟာ ဥပဒေပြုရေး အာဏာကလွဲပြီး အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာကို ပြည်ထောင်စုအဆင့် တိုင်းဒေကြီးနဲ့ ပြည်နယ်အဆင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွေအတွက်သင့်လျော်တဲ့ ပုဂ္ဂိုလ်တယောက်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတခုခုကို ဖြစ်စေ လွှဲအပ်ပြီး ကျင့်သုံးဆောင်ရွက် နိုင်ပါတယ်။

ဒီဖော်ပြချက်တွေကြောင့်ပဲ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာစွန့်ပြီး စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ နိုင်ငံရေးနည်းလမ်းအသစ်တခုကို ဖော်ဆောင်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိလာတာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီဟာ  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ပြီး အာဏာသိမ်းခဲ့တာဖြစ်လို့  ၂၀၀၈ ဖွဲ့စည်းပုံဟာ  အာဏာစသိမ်းချိန်ကတည်းက ပျက်သွားပြီလို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုတွေက သဘောထား ရှိကြတာဖြစ်တယ်။   

ဝါရင့် တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က “တရုတ်က ဘယ်လိုနည်းနဲ့မှ မင်းအောင်လှိုင်ကိုလက်မခံနိုင်တော့ဘူး။ သို့သော်လည်း စစ်တပ်ပြုတ်မှာကိုမလိုလားဘူး။ သူကလူပဲလဲချင်တာ။ စစ်တပ်ကို မပြိုလဲစေချင်ဘူး။ ရွေးကောက်ပွဲတောင် PR စနစ်နဲ့လုပ်မယ်ဆို တော့ ဖွဲ့စည်းပုံကပျက်နေပြီလေ။ အဲဒါကို ပျက်နေပြီလို့ တို့ကပြောလည်း သူက မပျက်ဘူးလို့ပြောမှာပဲ။ ဥပဒေစကားပြောတယ်ဆိုတဲ့နေရာမှာ လူသတ်သမားကို အဲဒီစကားတွေ သိပ်မပြောချင်ဘူး။ ပြောတာကိုလည်း ဘဝင်မကျဘူး”လို့ ပြောပါတယ်။

စစ်ပွဲတိုင်းရဲ့အဆုံးသတ်က တွေ့ဆုံဆွေးနွေးရေးဖြစ်တာကြောင့် စစ်ရေးအသာရနေချိန်မှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ အာဏာသိမ်းစစ်တပ်က လျစ်လျူရှုခဲ့ပေမဲ့ ဒီကနေ့ဒီအချိန်က စစ်တပ်အတွက် တွေ့ဆုံဆွေးနွေးမှုမလုပ်လို့  မရတော့တဲ့အခြေနေရောက်လာပြီလို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်က္ကာကပြောပါတယ်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေရပ်ဖို့ တရုတ်ရဲ့ ကြိုးပမ်းမှုတွေဟာ အခုချိန်ထိအောင်မြင်မှုမရှိသေးသလို အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ထိန်းချုပ်လို့မရတော့တဲ့ တိုင်းပြည်ကို ဖျက်ဆီးဖို့ကြိုးစားနေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွန်အမ်ဒရူးက ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီနဲ့ ဇွန် ၁၁ ရက်က  တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

အောင်သူ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024