မန်ယူအသင်းကနေ ထွက်ခွာခဲ့တဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ စပိန်ကလပ် ဂျီရိုနာအသင်းဆီ ပြောင်းရွှေ့ကစားမယ်လို့ သိရပါတယ်။
အသက် ၂၇ နှစ်ရှိ ဟော်လန်ကွင်းလယ်ကစားသမားဟာ အိုင်ယက်စ်မှာ အထူးခြေစွမ်းပြသခဲ့ပေမဲ့ ၂၀၂၀ ပြည့်နှစ်က မန်ယူအသင်းဆီ ပြောင်းရွှေ့လာပြီးနောက် ဒဏ်ရာပြဿနာတွေနဲ့အတူ ခြေစွမ်းကျဆင်းသွားခဲ့ရတာပါ။
ဗန်ဒီဘိခ်ဟာ အဲဗာတန်အသင်းဆီ အငှားထွက်ကစားခဲ့ရသလို မနှစ်ကရာသီကလည်း ဂျာမန်ကလပ် ဖရန့်ဖတ်အသင်းမှာ တရာသီအငှားထွက်ကစားခဲ့ရ ပါတယ်။
အခုနှစ်ရာသီမှာတော့ မန်ယူအသင်းကနေ အပြီးသတ်ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဂျီရိုနာအသင်းဟာ လာမယ့် ရာသီမှာ ဥရောပချန်ပီယံလိဂ် ကစားရမှာဖြစ်ပြီး အတွေ့အကြုံရှိကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းမှာ ကစားခဲ့တဲ့ ကာလတလျှောက် အားပေးဝန်းရံခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူး တင်ရှိပြီး နောက်တကြိမ်ပြန်လည်ဆုံတွေ့နိုင်ဖို့ မျှော်လင့်ကြောင့် ဗန်ဒီဘိခ်ရဲ့ အသင်း ပရိသတ်တွေဆီ ရေးသားတဲ့ နှုတ်ဆက်စာမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။
Photo-Reuters