ပွဲကြည့်စင်ပေါ်တက်ပြီး ကိုလံဘီယာပရိသတ်တွေကို ထိုးကြိတ်ခဲ့တဲ့ဥရုဂွေးတိုက်စစ်မှူး နူညက်ဇ်ဟာ ကာလရှည်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။
ဥရုဂွေးအသင်းက ကိုလံဘီယာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ မိသားစုဝင်တွေရှိနေတဲ့ ပွဲကြည့်စင်ပေါ်ကို နူညက်ဇ်နဲ့ အသင်းဖော်တချို့ သွားရောက်နှုတ်ဆက်ခဲ့ပြီး အဲဒီအချိန်မှာ ကိုလံဘီယာပရိသတ်တချို့နဲ့ ခိုက်ရန် ဖြစ်ပွားခဲ့ကြတာပါ။
ရုပ်သံမှတ်တမ်းတွေအရ နူညက်ဇ်ကို ကိုလံဘီယာပရိသတ်တဦးက တိုက်ခိုက်ခဲ့သလို နူညက်ဇ်ကလည်း ပြန်လည်တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။
နူညက်ဇ်နဲ့အတူ နောက်ခံလူ ဟီမီနက်ဇ်နဲ့ အာရာဟိုတို့လည်း ပါဝင်ခဲ့ပြီး အရက်မူးနေတဲ့ ကိုလံဘီယာပရိသတ်တွေကို ထိန်းသိမ်းပေးမဲ့ လုံခြုံရေးတဦးမှမရှိတာကြောင့် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခဲ့တာဖြစ်တယ်လို့ ဟီမီနက်ဇ်က ပြောပါတယ်။
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ ကွင်းတွင်း၊ ကွင်းပြင်ပမှာ ဘယ်လို အကြမ်းဖက်တိုက်ခိုက်မှုကိုမှာ သည်းခံသွားမှာမဟုတ်ဘဲ ဖြစ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ကစားသမားတွေကို ပွဲပယ်ပြစ်ဒဏ်တွေချမှတ်သွားဖို့ ရှိပါတယ်။
Photo-Reuters