ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဒေသခံတွေက စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အတွက် တိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်အထိ ထမင်းထုပ် နေ့စဉ်ပို့ပေးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်ပထမပတ်ကစ တင်ပို့ပေးရတာဖြစ်ပြီး မပို့ပေးပါက စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ကျေးရွာအထိ သေနတ်ပစ်ဖောက်၊ ခြိမ်းခြောက်တာတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “တိုက်ပွဲဖြစ်နေတဲ့ ဆောင်းပြောင်း၊ နမ်းဖာမူအထိကို ပို့ပေးရတာ။ ရွာသားတွေကိုယ်တိုင်ကို သွားပို့ခိုင်းတော့ သွားပို့ရတဲ့သူတွေအတွက် လုံခြုံရေး အရမ်းစိုးရိမ်ရတယ်။ မပို့ရင်လည်း သူတို့က အမျိုးမျိုးခြိမ်းခြောက်တယ်။ နေ့တိုင်း ရွာအလှည့်ကျနဲ့ပဲ ပို့ပေးရတယ်” လို့ ပြောပါတယ်။
ထမင်းထုပ်ကို ပင်လောင်းမြို့တောင်ဘက်ရှိ လိန်းညာ၊ ထိဗိ၊ တခါယာဉ်၊ ညောင်မှူး၊ ဟံတနျား၊ နန်းထာ၊ ပင်ခွန် ရွာသားတွေက အလှည့်ကျနဲ့ နေ့စဉ်ပို့ပေးရတယ်လို့ ပြောပါတယ်။
“ဟင်းကောင်းတွေပဲ ပို့ပေးရတယ်။ ကြက်ဥကြော်၊ ကြက်သား၊ ဝက်သား အဲလိုပဲ ပို့ခိုင်းတယ်။ အရွက်ကြော်တွေ၊ အသုပ်တွေ ပို့ပေးလို့မရဘူး။ ခုချိန်က အရမ်းခက်ခဲကြတယ်လေ။ သူတို့က အဲလိုပို့ခိုင်းတော့ ရွာသားတွေအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတယ်။ အခက်အခဲတွေ အရမ်းပိုဖြစ်စေတယ်” လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
ပင်လောင်းတောင်ဘက်မှာ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်လို့ ဒေသခံ ၂၀,၀၀၀ ကျော် စစ်ရှောင်နေရဆဲ ဖြစ်ပါတယ်။