သံလွင်ရေကာတာစီမံကိန်းကြောင့် နိုင်ငံအတွင်းက ဌာနေငါးမျိုးစိတ်တွေရဲ့ ၉၈ ရာခိုင်နှုန်းအထိ ရှင်သန်မှုကို ခြိမ်းခြောက်နိုင်တယ်လို့ ပညာရှင်တွေက သတိပေးတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
သံလွင်မြစ်ထဲကနေ ပင်းမြစ်ထဲကို ရေတွေလွှဲပို့တဲ့အခါ မျိုးရင်းမဟုတ်တဲ့ ကျူးကျော်ငါး မျိုးစိတ်တွေ ဝင်ရောက်လာတာနဲ့ မျိုးဗီဇတွေ ရောထွေးသွားနိုင်တာတွေကြောင့် မြစ်ထဲက မျိုးရင်း ငါးကောင်ရေတွေ ကျဆင်းသွားမှာကိုလည်း စိုးရိမ်နေကြတာပါ။
နမ့်ယွမ်းဆည် စီမံကိန်းကနေ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ဝှမ်းတလျှောက် ရေ ၁ ဒသမ ၈ ဘီလီယံ ကုဗမီတာအထိ ပင်းမြစ်ဆီကို လမ်းကြောင်းပြောင်း စီးဝင်လာမှာကြောင့် ပင်းမြစ်တလျှောက် တွေ့ရှိရတဲ့ မျိုးစိတ်တွေရဲ့ ရှင်သန်မှုကို ခြိမ်းခြောက်နိုင်တယ်လို့ မယ်ဂျိုတက္ကသိုလ်က ငါးဖမ်းလုပ်ငန်းဇီဝဗေဒပညာရှင် အဖီနန် ဆူဝမ်နာရတ်ခ်က သတိပေးထားပါတယ်။
“သံလွင်မြစ်ထဲမှာရှိတဲ့ မျိုးစိတ်ပေါင်းများစွာရဲ့ ဇီဝဗေဒနဲ့ အပြုအမူတွေကို ကျနော်တို့ အပြည့်အဝ နားမလည်သေးပါဘူး။ မြစ်ထဲမှာ တွေ့ရတဲ့ ငါးအများစုဟာ ဥဥဖို့ မြစ်ဝဘက်ကို ပြောင်းရွှေ့နေထိုင်ကြတတ်ကြတာကြောင့် ဒီဆည် (စီမံကိန်း)က သူတို့ရဲ့ အခွင့်အလမ်းတွေကို ထိခိုက်နိုင်ပါတယ်။”
ဒါ့အပြင် ရေလှောင်တမံရဲ့ လမ်းကြောင်းတွေကတဆင့် ကျူးကျော်ထိုးဖောက်ဝင်ရောက်လာတဲ့ မျိုးစိတ်တွေကြောင့်လည်း မြစ်ဝှမ်းရဲ့ဂေဟစနစ်ကို ပြောင်းလဲစေနိုင်တယ်လို့လည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ နိုင်ငံတကာ သဘာဝထိန်းသိမ်း ကာကွယ်စောင့် ရှောက်ရေးအဖွဲ့ IUCN နဲ့ မယ်ဂျိုတက္ကသိုလ်၊ ငါးလုပ်ငန်းဌာနတို့ ပူးပေါင်းပြီးတော့ သံလွင်မြစ်ရဲ့ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပြီး ဒေသဆိုင်ရာ သုတေသနပြုချက်အရ sa-ngae အမည်ရတဲ့ ငါးအပါအဝင် ငါးမျိုးစိတ်များစွာကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြစ်ကြောင်းတလျှောက် ထိန်းသိမ်းရေးနယ်မြေအဖြစ် ကျေးရွာအုပ်စု ၁၂ ခုကို သတ်မှတ်ခဲ့ကြောင်း အဆိုပါအလုပ်ရုံဆွေးနွေးပွဲမှာ ထုတ်ပြန်ထားခဲ့တာပါ။
၂၀၁၃ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ထုတ်ဖော်ကြေညာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အဓိက မြစ်ကြီးတစင်းဖြစ်တဲ့ သံလွင်မြစ်ကို ပိတ်ဆို့ပြီးတည်ဆောက်မယ့် ရေကာတာစီမံကိန်း ၆ ခုရှိခဲ့ပြီး အဲဒီစီမံကိန်းတွေအားလုံးမှာ မြန်မာပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ တရုတ်၊ ထိုင်းနိုင်ငံတွေက ပါဝင်ရင်းနှီးမြှုပ်နှံနေကြကာ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟဗေဒစနစ် ထိခိုက်နိုင်ခြေတွေကြောင့် ဒေသခံတွေက စဉ်ဆက်မပြတ် ကန့်ကွက်နေကြတာပါ။