Home
ဆောင်းပါး
စစ်ကိုမုန်း၍ တော်လှန်သော ပြည်သူ့အ‌ရေးတော်ပုံ မျှော်လင့်ချက် ရောင်နီ
DVB
·
July 9, 2024
Design-DVB

ကျနော်ဟာ စစ်ကို မုန်းပေမဲ့ လက်နက်ကိုင်လမ်းစဉ်ကို မပစ်ပယ်ခဲ့ဘူး။ ကျနော်ကိုယ်တိုင် KNU တပ်မဟာ ၆ နယ်မြေမှာ အခြေခံနဲ့ အရာရှိအဆင့် စစ်ပညာတွေကို လက်တွေ့ရော၊ စာတွေပါ လနဲ့ချီပြီး ကြိုးစားသင်ယူခဲ့ပါတယ်။

တကယ်တော့ စစ်ပညာဆိုတာ အသက်ရှင်သန်အောင် ဘယ်လို နေထိုင်ရမလဲဆိုတဲ့ အတတ်ပညာပါပဲ။ နိုင်ငံသားတိုင်း တတ်ထားသင့်တယ်လို့ ကျနော် မြင်ပါတယ်။ အထူးသဖြင့် ကျနော်တို့လို နိုင်ငံမျိုးပေါ့။ လက်နက်အားကိုးပြီး အနိုင်ကျင့်တတ်တဲ့ အလေ့ဆိုးကြီး အရိုးစွဲ အမြစ်တွယ်နေတဲ့ နိုင်ငံမှာ စစ်ပညာက ပိုလို့တောင် တတ်ထားသင့်ပါတယ်။

မအလ စစ်တပ်က ပြည်သူတင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ကြက်ကလေး၊ ငှက်ကလေး ဖမ်းသလို ဖမ်းသွားနိုင်တာဟာ  NLD က စစ်ပညာနဲ့ပတ်သက်ပြီး ဘာမှ ပြင်ဆင်ထားမှု မရှိတာရယ်၊ လူငယ်ခေါင်းဆောင်တွေကို စနစ်တကျ လေ့ကျင့်ပြင်ဆင်ပေးမထားနိုင်တာရယ်၊ စစ်တပ်ကို ယုံကြည်မှုလွန်ကဲပြီး လျှော့တွက်မိတာရယ်အပြင် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာရူးမှုကို လိမ္မာပါးနပ်စွာ မကိုင်တွယ်နိုင်တာ စတာတွေ ပေါင်းစုံမိသွားတာပါ။ တခြား အချက်အလက်တွေလည်း များစွာရှိပါသေးတယ်။ မဲစာရင်း မှားတယ်ဆိုတဲ့ အကြောင်းပြချက်က အရေးမပါခဲ့ပါဘူး။

လက်နက်ကိုင်လမ်းစဉ်ဟာ အစလွယ်ပြီး အဆုံးသတ်ရတာ အင်မတန်ခက်တဲ့ ခက်ခဲနက်နဲ သိမ်‌မွေ့တဲ့လမ်းစဉ်ပါ။ အရင်းအနှီးလည်း အင်မတန်ကြီးပါတယ်။ အသက်တွေနဲ့ ရင်းရတဲ့ အလုပ်ပါ။ အခန့်မသင့်ရင် အင်အားကြီးသူတွေရဲ့ ကြိုးကိုင်ချယ်လှယ်ခြင်းကို ခံရမှာဖြစ်ပြီး ခါးပိုက်ဆောင်တပ်လည်း ဖြစ်သွားနိုင်သေးတာပါ။

အသွားမတော် တလမ်း။ အစားမတော် တလုတ် ဆိုသလိုမျိုး အမှားအယွင်း အတိမ်းအစောင်းမခံတဲ့ လမ်းစဉ်ဖြစ်လို့ ခေါင်းဆောင်လုပ်သူရော ရဲဘော်၊ တပ်သား တဦးချင်းစီတိုင်းရဲ့ စိတ်ဓာတ်၊ လုပ်ရပ်၊ အရည်အသွေး၊ ခံယူချက်၊ စည်းကမ်း၊ နည်းလမ်းနဲ့ နည်းဗျူဟာ၊ မဟာဗျူဟာတွေ ကျစ်လစ်ခိုင်မာ သိပ်သည်းဖို့ လိုပါတယ်။

သေနတ်ကိုင်ထားသူဟာ သေနတ်စည်းကမ်းကို တသဝေမတိမ်း လိုက်နာနိုင်တဲ့ တပ်တော်ဖြစ်ဖို့ လိုသလို သေနတ်ကိုင်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင် လမ်းစဉ်ကို သိဖို့ အထူးလိုအပ်ပါတယ်။

ဒါပေမဲ့လည်း ကျနော့်အတွေ့အကြုံအရ ပြောရရင် လူငယ်တော်တော်များများကို ခေါင်းဆောင်တော်တော်များများက နောက်လိုက် တပ်သား မွေးမြူဖို့ အဆင့်လောက်သာ တွေးကြတာ များပါတယ်။ ခက်တာက သူ‌တို့ခမျာမှာ ဗိုလ်လို့သာပြောတယ် တပ်သားက တယောက်မှ မရှိတာမျိုးလည်း တွေ့ခဲ့ရတယ်။ ရယ်စရာလည်း ကောင်းပါတယ်။

အဲတော့ အဲဒီ ဗိုလ်ဆိုသူ၊ ဗိုလ်လုပ်ချင်သူက သူ ဗိုလ်ဘွဲ့ခံနိုင်ဖို့ကို ရဲဘော် တပ်သား စုဆောင်းရပါတယ်။ ရတဲ့နည်းနဲ့ စုဆောင်းကြတာမျိုး ရှိပါတယ်။ သေနတ်ကြိုက်သူကို သေနတ်ပေး၊ မိန်းမကြိုက်သူကို မိန်းမပေး၊ အရက်ကြိုက်သူကို အရက်ပေး၊ အပျော်အပါး ကြိုက်သူကို အပျော်အပါးပေး။ အဲဒီ ရဲဘော်တပ်သားက ဘယ်မှာ ကောင်းပါတော့မတုန်း။ သင်တန်းကာလတုန်းက ဆရာတယောက်ပြောပြတဲ့ ဟာသလေး မျှဝေချင်ပါသေးတယ်။

“အဖူးတို့ တပ်ထဲမလည်း ထက်ထက်မြက်မြက်ရှိတဲ့ ရဲဘော်တွေ အတော်ရှားတယ်နော်လို့ ပြောတော့ အဖိုးက ဘာပြန်ပြောတဲ့မှတ်လဲ။ နည်းဆို မင်းတို့ကလည်း ငါ့ဆီကို လူကောင်း သူကောင်းလေးလည်း ပို့ဦးမှာပေါ့။ အခုဟာက မကောင်းကျောင်းပို့ မဟုတ်တော့ဘူး။ အရပ်ထဲမှာ ဆိုးသွမ်းနေပြီး ဆုံးမ မရတော့ဘူးဆို မင်းတို့က ငါ့ဆီပို့ကြတာကိုး။ တချို့က ပြောသေးတယ်။ အိမ်ကထွက်သွားတုန်းက ကျမသား ဆေးလိပ်တောင် မသောက်တတ်ဘူး၊ တပ်ထဲကလည်း ပြန်လာရော ခါးကြားထဲမှာ ဖဲထုပ်ကလေးနဲ့” အဲလိုဆိုတော့ စစ်သားကောင်းတွေ ဖြစ်ဖို့၊ ရဖို့ဆို အားလုံးဝိုင်းပြင် ဝိုင်းထိန်းကြမှ ရမှာပဲ။

တချို့လည်း ယူနီဖောင်းလေးဝတ်၊ သေနတ်လေးကိုင်၊ ဘယ်ကငှားထားမှန်းမသိတဲ့ ၆ လုံးပြူးလေး ခါးကြားထိုးပြီး ဘာခံယူချက်မှ မရှိဘဲ စောင့်ကြွားကြွားလုပ်နေတဲ့ PDF အတုအယောင်တွေကလည်း အလှူခံစားနေတာ အများသားပဲကိုး။

အဲဒါတွေပြောတော့ ငါတို့က အဲဒီအထဲ မပါပါဘူးပေါ့။ ဟုတ်ကဲ့ပါ။ တဆင့်တက်ပြီး ကျနော် ဝေဖန် စောကြောပါဦးမယ်။

သိန်းထောင်ချီတန် စစ်ပညာအခြေခံ သင်တန်းကြီးဖွင့်ပြီး အဲဒီမှာ ကျကျနန သင်တန်းပေး။ သင်ရိုးထဲမှာ စာပေအချိန်ဆိုပြီး ပြူးပြဲနေအောင်ထည့်ပြီး အဲဒီအချိန်မှာ ဝါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဘောလုံးကန်ခိုင်း၊ ခြင်းခတ်ခိုင်း၊ ဘယ်မှာ စာဖတ်ရလို့တုန်း။ စာမဖတ်ရဆို စာပေအချိန်သာ လူမြင်ကောင်းအောင်၊ ပရိုပိုဆယ်တင်ကောင်းအောင် ထည့်ထားတာ။ စာအုပ်ကဖြင့် တအုပ်မှမရှိဘူး။ အဲဒီတော့ သေနတ်ကိုင်ထားသူတွေ စာမဖတ်ရင် ဓားပြ ဖြစ်သွားနိုင်တယ်။ မင်းအောင်လှိုင် စစ်သားတွေလို စစ်မိစ္ဆာကောင်တွေ ဖြစ်သွားနိုင်တယ်ဆိုတာ သူတို့ ထည့်တွက်မထားဘူး။ ဖြစ်ချင်တော့၊ ကံကောင်းချင်တော့ စာပေဝါသနာပါတဲ့ သင်တန်းဆရာ တယောက်နဲ့တော့ တွေ့ဆုံခဲ့ရပါတယ်။ စာပေအချိန်လေး တချိန် နှစ်ချိန်လောက်တော့ လုပ်ဖြစ်ခဲ့တယ်ထင်ပါ့။

သို့သော် သင်တန်းတလျှောက် လူငယ်တွေ စစ်ရေးတာဝန် အားလပ်ချိန်ဆို ထင်းတုံးကြီးတွေ မနိုင်ဝန်ထမ်းခဲ့ရလို့ စစ်တောင်မတိုက်ရသေးဘူး ခါးက နာနေပြီ။ မျက်စိရှေ့တင် မှိုင်းညို့နေတဲ့ ‌သစ်တောကြီးလည်း ထင်းခုတ်လို့ ချက်ချင်းကို ပြောင်တလင်းခါသွားတာပဲ။ ပြောချင်တာက တော်လှန်ရေးဆိုတဲ့ စကားလုံးအောက်မှာ လူ့အခွင့်အရေးတွေ တရစပ် ချိုးဖောက်ခံနေရတာ ဒုနဲ့ဒေးပါပဲ။ အဲဒီလိုလူငယ်တွေက ဘယ်လောက်ထိ နိုင်ငံတော်ရဲ့ ရောဂါဝေဒနာကို ကုစားနိုင်ကြလိမ့်မယ်လို့ ကျနော် သံသယဝင်မိတယ်။ စာဖတ်ခွင့်မသာတဲ့ စစ်သားတွေဟာ ခံယူချက်ခိုင်မာတဲ့ စစ်သား၊ ကျင့်ဝတ်တွေကို လေးစာလိုက်နာတဲ့ စစ်သား၊ ပြည်သူကို အရိုအသေပေးတတ်တဲ့ စစ်သား ဖြစ်ဖို့ အတော်ခက်ပါလိမ့်မယ်။

ကျနော်တို့ဟာ တော်လှန်ရေးကို ထိခိုက်နိုင်တယ် ဆိုတဲ့ စကားလုံးရဲ့အောက်မှာ ဘာမှ ဝေဖန်စောကြောလို့ မရနေတာဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာကို သူတို့ကိုယ်တိုင် သတ်ပစ်နေတာလို့ ကျနော်မြင်တယ်။

စစ်တပ်ရဲ့ အမူအကျင့်တွေကို မကြိုက်လို့ ကျနော်တို့က ဒီလို ခက်ခဲတဲ့ ကြမ်းတမ်းတဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းကို ရွေးခဲ့ကြတာပါ။ ဒီလမ်းစဉ်ကိုရွေးပြီး လျှောက်လှမ်းကြပြီဟေ့ ဆိုရင် တော်လှန်ရေးထဲ ပါဝင်နေတဲ့ လူငယ်တယောက်စီတိုင်းကို တန်ဖိုးထား လေးစားစေချင်တာ ကျနော့်ဆောင်းပါးရဲ့ လိုရင်းဦးတည်ချက်ပါပဲ။ ဒါပေမဲ့ ကျနော်တို့ ခေါင်းဆောင်ကြီးတွေဟာ အခုအချိန်ထိ ပျက်ကွက်နေတုန်းပဲ။ ဒါကြောင့် သူတို့ကို လူငယ်တွေက နှစ်နှစ်ကာကာ မချစ်ကြတာ။ နှလုံးသားထဲက ခေါင်းဆောင်အဖြစ် မသတ်မှတ်နိုင်ကြတာပဲ။

အခုဟာက တော်လှန်ရေးအမည်ခံပြီး ကိုယ်ကျိုးစီးပွား အလေးထားတဲ့ ခေါင်းဆောင်က ခပ်များများ ဖြစ်နေတာပဲ။ အကျင့်ကလည်း အတုခိုးလောက်အောင် မကောင်းဘူး။ ထူးချွန်ထက်မြက်မှုကလည်း စံထားလောက်စရာမရှိ၊ ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာတရားကလည်း အားမကောင်းကြတော့ ကျနော်တို့က ဘယ်ခေါင်းဆောင်သွားပြီး အားကိုးရမလဲ။ ဘယ်ခေါင်းဆောင်ရဲ့ လမ်းစဉ်အတိုင်း လိုက်နာရမလဲ။

သူတလူ ငါတမင်း ဖြစ်နေကြတဲ့ ဗိုလ်တထောင်တိုင်းပြည် ဖြစ်နေပြီး နောက်လိုက်ကောင်းက ရှား၊ ခေါင်းဆောင်ကောင်းဆို ဝေလာဝေးပေါ့။ တချို့က မီဒီယာတွေရဲ့ မ တင်ပေးမှုနဲ့ အွန်လိုင်းပေါ်မှာတော့ သူရဲကောင်းကြီးကိုဖြစ်လို့။ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကိုတော့ မကာကွယ်ပေးနိုင်ဘူး။ ပြည်သူက ယုံကြည်စိတ်ချပြီး အိမ်တံခါးတွေ ဖွင့်ပေးခဲ့တာတောင် သူခိုးကျင့် သူခိုးကြံ ဓားပြကျင့် ဓားပြကြံနဲ့ ပစ္စည်းမဲ့ဒေါသတွေကို မထိန်းသိမ်းနိုင်ကြလို့ ပြည်သူတွေက အော့နှလုံးကိုနာလို့။ ကရင်နီပြည်နယ်က လွိုင်ကော်မြို့ခံတဦးက အထက်ပါအတိုင်း ကျနော့်ဆီကို ရင်ဖွင့်လာတဲ့အထိပဲ။

“ခင်ဗျားတို့ တချို့ စစ်ရေးခေါင်းဆောင်တွေကို ဆက်ဆံရင် ပုံမှန်ပဲ ဆက်ဆံကြဗျ။ လက်နက်ရှိလို့ ဖားယားပြီး မဆက်ဆံကြနဲ့။ မအလ စစ်တပ်လို ကောင်းမှန်းသိ သာအိတစိုစို ဆိုသလို ‌အကုန် ခွေးစိတ်ပေါက်သွားရင် အခက်သားဗျ။” အဲဒီလို လက်နက်ကိုင်လမ်းစဉ်မှာ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိတယ်။ အဲဒါတွေကို ကျနော်တို့က စနစ်တကျ မကိုင်တွယ်နိုင်ရင် အနိုင်ကနေ အရှုံးကြီး ရှုံးနိုင်ပါတယ်။ အဲဒါကို အထူးသတိပြုကြရပါမယ်။ အနိုင်ကနေ အခိုင်လုပ်နိုင်ပါမှ ဒီတော်လှန်ရေးက ကျကျနနတော်လှန်ရေး ဖြစ်ပါမယ်။

ကျနော့်အထင်ပြောရရင် ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင် လမ်းစဉ်ကို မရွေးချယ်ခဲ့တာဟာ ဒီလို ဘေးထွက်ဆိုးကျိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ ကောင်းကျိုးတွေကိုတော့ဖြင့် ရှေ့က ကျနော့်ဆောင်းပါးတွေမှာ ရှာဖတ်ကြပါ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ လျှောက်ပြီးသားလမ်းဖြစ်လို့ နောက်လှည့်ပြန်လို့တော့ လုံးဝမဖြစ်တော့ပါဘူး။ ရှေ့ကိုသာ တိုးပြီး ဘယ်လိုကောင်းအောင် တည်ဆောက်ကြမလဲ ဆိုတာသာ ဝိုင်းဝန်းအားစိုက်ကြဖို့ ဖြစ်ပါတယ်။ ကျနော်တို့အပေါ် ကျရောက်လာတဲ့ တိုင်းပြည်လူထုရဲ့  တာဝန်တွေကို ကျနော်တို့လို မျိုးဆက်တွေကမှ မထမ်းဆောင်ချင်ဘူးဆိုရင် နောက်မျိုးဆက်က ဆက်ပြီး စစ်ကျွန်ခံကြရဦးမှာပါ။

စစ်ကျွန်ကို လက်စသတ်ဖို့ ဆိုရင်လည်း ဒီ လက်နက်အားကိုး အနိုင်ကျင့်တဲ့ မင်းအောင်လှိုင် စစ်တပ်ကိုလည်း လက်နက်ဆွဲကိုင် တော်လှန်ခြင်း လမ်းစဉ်မှတပါး မရှိဘူးဆိုတာလည်း ကျနော်တို့က လေးလေးနက်နက် သဘောပေါက်ဖို့ လိုပါမယ်။ ဒီအချိန်မယ် သိကြားမင်းကြီးက မြန်မာပြည်ဆင်းလာပြီး လာတားရင်တောင် ပြည်သူလူထုရဲ့ ခုခံတွန်းလှန် တော်လှန်စစ်ကြီးက ရပ်တန့်သွားမှာ မဟုတ်ပါဘူး။

တော်လှန်စိတ်ဓာတ်တွေ ဆက်လက်ပြီး နိုးကြားတက်ကြွနေဖို့ဆိုရင် ခေါင်းဆောင်အသီးသီးက ပြင်သင့်တာတွေကို ပြင်ကြရမှာဖြစ်ပြီး သမားရိုးကျ အစိုးရဂိုက်ပုံစံဖမ်းပြီး ဝန်ကြီး၊ ဝန်လေး စတဲ့ ရာထူးအာဏာတွေအပေါ်မှာ သာယာမနေကြဘဲ ရဲဘော်ရဲဘက်စိတ်ဓာတ်နဲ့ အလုပ်လုပ်ကြဖို့ လိုပါမယ်။ ပြည်သူလူထုတရပ်လုံးရဲ့ တော်လှန်ရေးအပေါ်မှာထားတဲ့ မျှော်လင့်ချက် ရောင်နီကို တန်ဖိုးထားကြပါ။ သူတို့ရဲ့ ကြံ့ကြံ့ခိုင် စိတ်ရှည်သည်းခံ တော်လှန်စိတ်ကို အမြဲဦးညွှတ်ပြီး ဦးထိပ်မှာ ပန်ဆင်ကာ ရိုရိုကျိုးကျိုး အမှန်တကယ် အလုပ်လုပ်ကြဖို့ တော်လှန်စိတ်ဓာတ်နဲ့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

ချစ်မင်းနွဲ့ကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024