အိန္ဒိယနိုင်ငံရောက် တိဘက်အသိုင်းအဝိုင်းနဲ့ ဒလိုင်းလားမားကို ကြည်ညိုကြသူတွေဟာ ဇူလိုင် ၆ ရက်နေ့မှာ ကျရောက်တဲ့ တိဘက်ဘာသာရေးခေါင်းဆောင်ရဲ့ ၈၉ နှစ်ပြည့်မွေးနေ့ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဟီမာချယ်ပရာဒေ့ရှ့်ပြည်နယ်က ဓမ္မသာလာက တိဘက် ဘုရားကျောင်းဝင်းမှာ ကိတ်မုန့်ခွဲတဲ့ အခမ်းအနားပြုလုပ်ခဲ့ကြတာပါ။
အမေရိကန်မှာ ဒူးခွဲစိတ်ဖို့ ရောက်ရှိနေတဲ့ ဒလိုင်းလားမားဟာ အခမ်းအနားမတက်နိုင်ခဲ့ပါဘူး။ အမေရိကန်ကနေပဲ ဗီဒီယိုမက်ဆေ့ဂျ်ပေးပို့ပြီး ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်းနဲ့ ရုပ်ပိုင်းအရ ကြံ့ခိုင်မှုရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မကြာသေးခင်က ဒူးခွဲထားရာပေမဲ့ အခု ပြဿနာမရှိတော့ဘူးလို့ ဆိုပါတယ်။ နိုင်ငံတကာမှာပါ တိဘက်ဗုဒ္ဓဘာသာကို ထင်ရှားစေခဲ့သူ ဒလိုင်းလားမားဟာ ပြည်ပမှာ တိမ်းရှောင်နေစဉ် တိဘက်အရေးလှုပ်ရှားမှုတွေအတွက် ၁၉၈၉ မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ၁၉၅၀ ပြည့်နှစ်မှာ ဟိမဝန္တာဒေသကို တရုတ်က စစ်တပ်တွေ လွှတ်ခဲ့ပြီးတဲ့နောက် ၁၉၅၉ မှာ ဒလိုင်းလားမားဟာ အိန္ဒိယကို ထွက်ပြေးခဲ့ရပါတယ်။
ဒလိုင်းလားမား အသက်အရွယ်ကြီးမြင့်လာပြီး ကျန်းမာရေးပြဿနာတွေရှိလာတာနဲ့အမျှ ဆက်ခံသူ ခန့်အပ်ရေးဟာ တိဘက်အသိုင်းအဝိုင်းအတွက် အရေးကြီးကိစ္စ ဖြစ်လာပါတယ်။
တိဘက်ဗုဒ္ဓဘာသာဝင်တွေက ဒလိုင်းလားမား ပျံလွန်တော်မူရင် ပြန်လည်ဝင်စားတယ်လို့ ယုံကြည်ကြပါတယ်။
ဒါကြောင့် အသက် ၉၀ ပြည့် မွေးနေ့ဝန်းကျင်ကျရင် ဘယ်လို၊ ဘယ်နေရာမှာ ပြန်ဝင်စားမယ်ဆိုတဲ့ ကိစ္စ ရှင်းလင်းအောင်ပြောမယ်လို့ ဒလိုင်းလားမားက ပြောထားဖူးပါတယ်။
ဒါပေမဲ့ ပြန်လည်ဝင်စားတဲ့သူကို ရှာဖွေတဲ့စနစ်ကို အဆုံးသတ်သင့်တယ်လို့လည်း ပြောခဲ့ဖူးပါတယ်။
တရုတ်ကွန်မြူနစ်အစိုးရကတော့ ဒလိုင်းလားမားသစ်ကို ရှာဖွေခန့်အပ်မှုကို တရုတ်ပြည်သူ့ကွန်မြူနစ်ပါတီရဲ့ အတည်ပြုချက်နဲ့ပဲ ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
Source-Reuters