Home
မြန်မာသတင်း
လပခ တိုင်းမှူးသစ်  အလံဖြူထောင်လက်နက်ချရန် မန္တလေး PDF  တိုက်တွန်း  
DVB
·
July 5, 2024

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူးအသစ် ဗိုလ်ချုပ်အောင်ခိုင်ဝင်း အနေနဲ့ အလံဖြူထောင် လက်နက်ချတာအကောင်းဆုံးနည်းလမ်းဖြစ်ပြီး ဆွေးနွေးညှိနှိုင်းဖို့ဆို တာမဖြစ်နိုင်တော့ဘူးလို့  မန္တလေးဒေသခံ PDF  က တိုက်တွန်းလိုက်ပါတယ်။

ဇွန်လကုန်မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်ကို စစ်ခေါင်းဆောင်က ရာထူးကနေဖယ်ရှားပြီး တြိဂံတိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းကို လပခ တိုင်းမှူးအဖြစ် အစားထိုးခန့်အပ်ခဲ့တာပါ။

မန္တလေးတိုင်း တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲမှာ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ပစ်သတ်ခံရမှုနဲ့  ဇွန် ၂၅ ရက်မှာ စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ နောက်ဆက်တွဲထိုးစစ်ကို မထိန်းနိုင်ခဲ့မှုတွေနဲ့ စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြည်ခိုင်ကို ရာထူးက ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ နောက်ဆက်တွဲထိုးစစ်နဲ့ တပြိုင်တည်းမှာ မန္တလေးတိုင်းဒေသခံ PDF တွေကလည်း ဒေသတွင်းမှာ စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲခဲ့ပါတယ်။

အသစ်ရောက်လာတဲ့ လပခ တိုင်းမှူးအသစ် ဗိုလ်ချုပ်အောင်ခိုင်ဝင်းအနေနဲ့ အလံဖြူထောင်ပြီး အညံ့ခံတာဟာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ မန္တလေးဒေသခံ PDF ခေါင်းဆောင်တ ယောက်က ပြောပါတယ်။

မတ္တရာPDF ဦးတိုးက "လက်ရှိ လပခတိုင်းမှူး ကိုအောင်ခိုင်ဝင်းပေါ့၊ သူလည်းဒီမှာ ရောက်ခါစဆိုတော့ နယ်မြေအနေအထား သိချင်လည်းသိမယ်၊ မသိချင်လည်းမသိဘူး။ တြိဂံတိုင်းက ပြောင်းလာတာဆိုတော့ နယ်မြေစိမ်းနေမှာ သေချာတယ်။ သူ့နားမှာရှိနေတဲ့ သူတွေက ဝိုင်းပြီးတော့ မြှောက်ထိုးပင့်ကော်ပြောနေရင်တော့မသိဘူး။ အကောင်းဆုံးကတော့ အဲ့ဒီမှာ အလံဖြူထောင်ပြီးလက်နက်ချလိုက်တာအကောင်းဆုံးပါပဲ။ အဲ့ဒါဆိုရင်တော့ မြို့လည်း မနာဘူး သူတို့လည်းမနာဘူးပေါ့နော်။ ဒီအချိန်မှာရွေးချယ်ရမယ့်နည်းလမ်းကတော့ စကစကိုပြောချင်တာကတော့ အလံဖြူထောင်ပါ လက်နက်ချပါလို့ပဲပြောချင်တယ်။ ဆွေးနွေးညှိ နှိုင်းဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ခံစစ် ကာကင်းကုန်းတွေလည်း တခုပြီးတခုကျနေသလို စစ်အင်အားလုံလောက်မှုမရှိပေမဲ့ ရန်သူရဲ့စွမ်းဆောင်နိုင်မှုကိုတော့ လျှော့တွက်လို့ မရဘူးလို့လည်း ပြောပါတယ်။ 

မတ္တရာမြို့နယ်အတွင်း ၅ လုံးမျှော်၊ ရေသောက်တံတား၊ ရွာသာယာ၊ တောင်ကန်၊ စာတိုက်တကာ၊ ပုသိမ်ကြီးမြို့နယ်အစပ် သရက်ကိုင်း၊ မြကန်သာအရပ်တွေမှာ စစ်ကောင်စီတပ်သားတွေ ကျန်ရှိနေပြီး မတ္တရာမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်သားနဲ့ပျူစောထီးပူးပေါင်းအင်အား ၅၀၀ ဝန်းကျင်ကျန်ရှိနေတယ်လို့ PDF တွေက ပြောပါတယ်။

မန္တလေး PDF က ထုတ်ပြန်ထားတဲ့ စခန်းသိမ်းပမာဏထက်မြေပြင်မှာ ပိုမိုသိမ်းယူထားနိုင်ပြီး မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲမှာ စစ်ကောင်စီစခန်း ၃ ခု၊ သပိတ်ကျင်းမြို့နယ်ထဲမှာ စခန်း ၂ ခုနဲ့ မတ္တရာမြို့နယ်ထဲမှာ စခန်း ၁၃ ခု စုစုပေါင်း စစ်ကောင်စီစခန်း ၁၈ ခုထက်မနည်း PDF ပူပေါင်းအဖွဲ့တွေက သိမ်းယူထားတယ်လို့ မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက ပြောပါတယ်။

"စပါးကျီတောင် ကျောက်ကြမ်းတောင် နဂါးပတ်တောင် ရှင်မတောင်တို့မပါဘူး သူတို့ကြေညာချက် ထုတ်တဲ့အထဲမှာ။ အဲ့ဒါတွေအကုန်လုံးကရပြီးသားတွေ၊ မတ္တရာထဲမှာ ကင်းရွာက လုံးဝရလိုက်ပြီ။ လေကြောင်းရန်ကာကွယ်ရေးတပ်ရောဆို ကျနော်ရေထားတာ ၁၂ ခုလောက်ရှိပြီ။ ကင်းရွာအပါဆို ၁၃ ခုလောက်ရှိပြီ။ အဲ့ဒါကတော့ လုံးဝကိုယ်က အပိုင်ရထားပြီလေ။သူတို့ဘက်ကတော့ ပြန်ပြီးတော့ အရင်တုန်းကတော့ ဝင်လုံးတယ်။ အခုတော့ မလုံးနိုင်တော့တဲ့အနေအထားရောက်နေပြီ။ လမ်းမပေါ်တော့ ကျနော်တို့မတက်နိုင်သေးဘူး။ မတ္တရာမြိုပေါ်မှာတော့ ခန့်မှန်းအင်အား အနည်းဆုံး ၅၀၀ လောက်တော့ရှိလိမ့်မယ်။ ပျူနဲ့စကစ ၂ ခုပေါင်းပေါ့။”

မန္တလေးတိုင်း မတ္တရာနယ်ဟာ စစ်ကိုင်းတိုင်းနဲ့ ထိစပ်နေတဲ့မြို့နယ်ဖြစ်ပြီး တဘက်မှာတော့ PDF တွေနဲ့ မြောက်ပိုင်းမဟာမိတ်တွေပစ်မှတ်ထားနေတဲ့ ပြင်ဦးလွင်မြို့နယ်နဲ့ နယ်မြေချင်း ထိစပ်နေတာပါ။

စစ်ကိုင်းတိုင်းထဲက PDF တွေ ပြင်ဦးလွင်ဘက်ကို စစ်ထိုးဖို့ဆိုရင် မတ္တရာနယ်ကို ဖြတ်ရမှာဖြစ်တာကြောင့် PDF တွေပူးပေါင်းလို့မရအောင် စစ်ကောင်စီက မတ္တရာနယ်ကို အင်အားသုံးနယ်မြေထိန်းချုပ်နိုင်ဖို့ ဆက်လက်ကြိုးစားနေတာ ဖြစ်ပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက "ဒီနေရာမှာ ကျနော်တို့ မန်းဆိုလို့ စစ်ကိုင်းယူနစ်ကလူတွေ မပါဘူးလို့မထင်ပါနဲ့။ မန်းမှာလည်း ကျနော့်မြို့ကလူငယ်တွေတောင်မှ အဲ့ဒီအဖွဲ့ထဲမှာရှိနေပါတယ်။ မျှော်လင့်ချက်အရှိန်အဟုန်ပိုမြင့်တက်လာတယ်လို့မြင်ပါတယ်။ မန်းရဲ့စစ်ရေးအခြေအနေက အဲ့ဒီမှာတို့ရေဦးသားတွေရော၊ တန့်ဆည်သားတွေရော အကုန်ရှိနေတာကိုး။ ဟိုနေ့က နောင်ချိုရဲစခန်းမှာ ညီအစ်ကိုလိုနေတဲ့ကောင်တွေပါတယ်လေ”လို့ ပြောပါတယ်။

ဇွန် ၂၅ ရက် ကစပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ၁၀၂၇ နောက်ဆက်တွဲအဖြစ် ရှမ်းပြည်ဘက်ခြမ်းကနေ နောင်ချို-ပြင်ဦးလွင်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကိုင်း-မန္တလေး PDF တွေက မတ္တရာနယ်ကတဆင့် ပြင်ဦးလွင်ကို ဦးတည်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ မန္တလေး-နေပြည်တော်ကို ကာနိုင်ဖို့ကြိုးစားနေရသလို စစ်တက္ကသိုလ်တွေ အခြေစိုက်ရာ ပြင်ဦးလွင်မကျရေးကိုလည်း ကာကွယ်နိုင်ဖို့ကြိုးစားနေရတာ ဖြစ်ပါတယ်။

သုတချမ်းသာ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013