Home
နိုင်ငံတကာ
ထိုင်းတက္ကသိုလ်တွင် ဘွဲ့လက်မှတ်ရောင်းစားသော နည်းပြဆရာမ အလုပ်ထုတ်ခံရ 
DVB
·
July 5, 2024
Photo Crd-matichon.

ထိုင်းနိုင်ငံအလယ်ပိုင်း ဗိစနုလုတ်ခရိုင် ဗိစနုလုတ်တက္ကသိုလ်က နည်းပြဆရာမတဦးဟာ ပညာအရည်အချင်း ဘွဲ့လက်မှတ်အတုတွေ ရောင်းစားနေတာကြောင့် တာဝန်မှရပ်စဲခံလိုက် ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒီမတိုင်ခင်က ခရီးသွားဧည့်ကြိုလုပ်ငန်းလိုင်စင်ထုတ်ပေးဖို့ သင်တန်းသားတွေရဲ့ အထောက်အထားတွေကို စစ်ဆေးရာမှာ သင်တန်းသူတဦးရဲ့ ဘွဲ့လက်မှတ်ဟာ အစစ်မဟုတ်ဘဲ အတုဖြစ်နေတာကြောင့် သက်ဆိုင်ရာတက္ကသိုလ်အနေနဲ့ ပြန်လည်စိစစ်အရေးယူဖို့ အဆင့်မြင့်ပညာရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။ 

ဗိစနုလုတ်တက္ကသိုလ်ကလည်း လိုအပ်သလိုစုံစမ်းစစ်ဆေးပြီး အဆိုပါကျောင်းသူမှာ တက္ကသိုလ် ဝင်ခွင့်လျှောက်ထားပေမယ့် အတန်းတက်တာ၊ စာမေးပွဲဖြေဆိုတာတွေမရှိ၊ ဘွဲ့လက်မှတ်မှာလည်း တက္ကသိုလ်က ထုတ်ပေးတာမဟုတ်ဘဲ အတုဖြစ်နေကြောင်း၊ ဒီဖြစ်စဉ်မှာ တက္ကသိုလ်အနေနဲ့ ပါဝင်ပတ်သက်ခြင်းမရှိဘဲ နည်းပြဆရာမတဦးတည်းသာ ကျုးလွန်ပြီး သူမဟာ ဝန်ထမ်းကျင့်ဝတ်ကို ဆိုးရွားစွာချိုးဖောက်တဲ့အတွက် တာဝန်မှရပ်စဲလိုက်ကြောင်း ၂၀၂၄ ဇူလိုင် ၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

ဘွဲ့လက်မှတ်တုကိုင်ဆောင်သူ မိန်းကလေးမှာလည်း သူမမှာ အမှန်စင်စစ် အထက်တန်းဆင့်ပညာ အရည်အချင်းသာရှိကြောင်း၊ ရင်းနှီးသော လူမှုကူညီရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌက ဆရာမတယောက်နဲ့ မိတ်ဆက်ပေးပြီး ကျောင်းတက်ဖို့မလိုဘဲ တက္ကသိုလ်ကဘွဲ့လက်မှတ်ကို ဘတ် ၂ သိန်းနဲ့ ရအောင်လုပ်ပေးမယ၊ အဲဒီဘွဲ့လက်မှတ်နဲ့ လွှတ်တော်အမတ်လည်း လျှောက် လို့ရတယ်၊ ဘာပြဿနာမှမရှိဆိုပြီး ရာထူးရှိပုဂ္ဂိုလ်တွေကိုပါ မှီငြမ်းပြောတာကြောင့် ဘတ်ငွေ ၂ သိန်းကို ၄ ကြိမ်လွှဲပေးခဲ့တယ်လို့ ဝန်ခံသွားပါတယ်။ 

အဆိုပါ တက္ကသိုလ်ဆရာမဟာ ပြီးခဲ့တဲ့နှစ်ကလည်း ကျောင်းသားတယောက်နဲ့ ဘွဲ့လက်မှတ်အ ရောင်းအဝယ်လုပ်တဲ့ အသံဖိုင်လည်း လူမှုကွန်ရက်မှာ ထွက်လာပါတယ်။ 

အဆိုပါအသံဖိုင်မှာ ဆရာမဆိုသူက သက်မွေးဝမ်းကျောင်းသိပ္ပံဘွဲ့လက်မှတ်ဆိုရင် ဘတ်  ၄၅၀၀၀၊ ရိုးရိုးဝိဇ္ဇာ/သိပ္ပံဘွဲ့ဆိုရင် ဘတ် ၁ သိန်း ၈ သောင်း၊ မဟာဘွဲ့ဆိုရင် ဘတ် ၄ သိန်းအထိ ဈေးရှိကြောင်း၊ အဲဒီထဲမှာ ဘွဲ့လက်မှတ်၊ အမှတ်စာရင်း၊ တက္ကသိုလ်ထောက်ခံစာတွေပါမယ်၊ ကျောင်းသားဆိုသူက ဈေးလျှော့ပေးဖို့ ပြောရာမှာ ထောင်ဂဏန်းလောက်ပဲ လျှော့ပေးနိုင်မ ယ်ဆိုပြီး ပြောဆိုနေကြတာပါ။ 

ဒါ့အပြင် ဘွဲ့လက်မှတ်ရပြီးက သက်ဆိုင်ရာတက္ကသိုလ်ထံ ဖုန်းမဆက်ရ၊ အထူးလျှို့ဝှက်ထားရမယ်လို့လည်း အဆိုပါအမျိုးသမီးသံက ပြောထားပါတယ်။ 

ဗိစနုလုတ်တက္ကသိုလ်ဆရာတဦးကတော့ ကျောင်းသူ/ကျောင်းသားတယောက်ကို ဘွဲ့လက် မှတ်ထုတ်ပေးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ကြောင်း၊ နှစ်အလိုက် အတန်းတက်ရမယ်၊ ကျောင်းခေါ်ကြိမ်မှန်ရမယ်၊ လက်တွေ့ဆင်းတဲ့အမှတ်တွေရှိမယ်၊ ဘွဲ့လက်မှတ်ထုတ်ပေးဖို့ အဆင့်ဆင့် ပြန်လည်စိစစ်ပြီးမှ ပါမောက္ခချုပ်က လက်မှတ်ထိုးရတယ်၊ အလိမ်ခံမမိဖို့ လိုတယ်လို့ သတိပေးပြောသွားပါတယ်။ 

ကိုးကား - 3Plus News / Thai PBS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013