အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဥတာပရာဒက်ရှ်ပြည်နယ်က ဟိန္ဒူဘာသာရေးပွဲတခုအတွင်း လာရောက်သူတွေ လူအုပ်ပြို ပိမှုကြောင့် လူပေါင်း ၁၂၁ ယောက်ထက်မနည်း အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရမှုနဲ့ ဆက်စပ်ပြီး လူ ၆ ဦးကို ဖမ်းဆီးထားကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ဇူလိုင် ၄ ရက်မှာ ပြောပါတယ်။
လူတွေကြားညပ်ကာ ထိခိုက်ဒဏ်ရာရခဲ့သူတွေလည်း ဆေးရုံမှာ ပြန်သက်သာကြပြီလို့ ဆိုပါတယ်။
ဇူလိုင် ၂ ရက်က ဟက်သရာစ် ခရိုင်ရှိ ဖှူလ်ရိုင်း မဂ်ဟာလ် ဂါရ်ဟီ ကျေးရွာမှာ ကျင်းပတဲ့ ဘိုးလေးဘာဘာ ခေါ် တရားဟောဆရာ ဆူရာ့ဂျ် ပါလ်ဆင်းန်ရဲ့ ဟောပြောချက်ကို နားထောင်ဖို့ လူပေါင်း ၂၅၀,၀၀၀ လောက် စုဝေးရောက်ရှိခဲ့ကြတာပါ။ ပွဲစီစဉ်သူတွေဟာ လူပေါင်း ၈၀,၀၀၀ စာအတွက်ပဲ ခွင့်ပြုချက် ရရှိခဲ့တာပါ။
ဖမ်းဆီးခံရသူ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ဟာ ပွဲစီစဉ်ရာမှာ ပါဝင်တဲ့ ဘာဘာရဲ့ လက်ထောက်တွေဖြစ်ကြပြီး သူတို့ဟာ လူအုပ်ပြိုမှု ဖြစ်ပွားချိန်မှာ ထွက်ပြေးခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဘာဘာကလည်း လူအုပ်ပြိုမှုကို လူမှုရေး မညှာတာမှုတွေလို့ အပြစ်တင်ခဲ့ပေမဲ့ အသေးစိတ်တော့ မပြောခဲ့ပါဘူး။
လူတွေဟာ ပွဲကနေ စပြီး ထွက်ခွာလာချိန်မှာ လူအနည်းငယ်လောက်က တရားဟောဆရာ ဘာဘာရဲ့ မော်တော်ကားဆီကို ပြေးလာခဲ့ကြလို့ သူ့လက်ထောက်တွေက ရပ်တန့်ခိုင်းရာကနေ တချို့လူတွေ အရှိန်မသတ်နိုင်ဘဲ ရုတ်တရက် မြေကြီးပေါ် ချော်လဲကာ တယောက်ပေါ်တယောက် နင်းမိ ပြိုကျရာက ဒီအဖြစ်အပျက် စတင်ဖြစ်ပွားခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နေရာကနေ လွတ်အောင် ကွင်းပြင်တွေဆီကို ထွက်ပြေးဖို့ ကြိုးစားသူတွေကလည်း မညီမညာ မြေပြင်မှာ ချော်လဲပြီး တခြား ကျန်တဲ့သူတွေရဲ့ လမ်းကြောင်းပေါ်ကို လဲကျကုန်တာ ဖြစ်ပါတယ်။
ဘာဘာရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး မေးမြန်းကြည့်တာမှာတော့ သူတို့စာရင်းသွင်းထားတဲ့ အမှုထဲမှာ တရားဟောဆရာအမည်ကို မဖော်ပြထားကြောင်း အကြီးတန်းရဲအရာရှိတဦးက ပြောပါတယ်။
လူအုပ်ပြိုမှုကို ဘာဘာက ဖန်တီးခဲ့သလား ဆိုတာတော့ ပြောဖို့ စောလွန်းတယ်လို့ ဥတာပရာဒက်ရှ် ရဲတပ်ဖွဲ့မှ စစ်ဆေးရေးမှူးချုပ် ရှာလာ့ဘ် မာသူရ်က ပြောပါတယ်။
ဘာဘာရဲ့ရှေ့နေ အေပီဆင်းန်က သူဟာ ဖမ်းဆီးခံရသူ ၆ ဦးကို ကိုယ်စားပြု ဆောင်ရွက်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
Source-Reuters