Home
မြန်မာသတင်း
တနင်္သာရီတိုက်ပွဲနှင့်ရေစကြိုကျေးလက်ဆေးပေးခန်းစီးနင်းခံရမှုတွင် PDF တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံး
DVB
·
July 5, 2024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ဇူလိုင် ၄ ရက် နေ့လယ် ၂ နာရီကျော်လောက်က ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မြေပြင် တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

ဇဝဲအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကနေ ထွက်ခွာလာတဲ့ အင်အား ၈ဝ ခန့်ရှိတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ချောင်းညီကိုရွာနဲ့ ရမ်းဖိုရွာကြား ရောက်ရှိချိန် တော်လှန်ရေးတပ်ဖွဲ့တွေက ဆွဲမိုင်း ၄ လုံးနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့သူတဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် မိနစ်‌ ၄ဝ ခန့်ကြာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “လက်နက်ကြီးတွေ အမြောက်အမြား ပစ်ခဲ့တာပါ။ မိုးတွေရွာနေတုန်း တိုက်ပွဲဖြစ်တာပါ။ စကစဘက်က ၁၀ ဦးထက်မနည်း ကျဆုံးတယ်။ လက်နက်ကြီးတွေပစ်ကူလို့ ပြန်ဆုတ်ခဲ့ကြတာပါ” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ ၄ဝ မမ လက်နက်ကြီးတလုံး တော်လှန်ရေးရဲဘော်တဦးကို ထိမှန်ခဲ့ပြီး နေရာမှာပဲ သေဆုံးခဲ့သလို နောက်ထပ် ရဲဘော်တဦးမှာလည်း ပြန်ဆုတ်ခွာချိန်မှာ လက်နက်ကြီးကျည်အစ စင်ခဲ့တယ်လို့ မြေပြင်ရှိ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

မြေပြင်ရှိ တော်လှန်ရေးရဲဘော်တဦးက “ဒဏ်ရာရတယောက်က လက်နက်ကြီးအစ စင်တာပါ။ ခြေထောက်နဲ့ လက်မောင်းတွေမှာ ထိတာပါ။ နှစ်‌ယောက်က တကွဲတပြားစီ ထိကျတာပဲ။ ကျဆုံးရဲ‌ဘော်ကို သူ့မိသားစုဝင်တွေကို စောင့်ပြီး သုသာန်ပို့ဆောင်ဖို့ လုပ်နေပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ကျဆုံးရဲဘော်တဦးရဲ့ ရုပ်အလောင်းကို တိုက်ပွဲငြိမ်သက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရင်း ပြန်လည်ယူဆောင်လာနိုင်ခဲ့တယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရ ရဲဘော်တဦးမှာတော့ စိုးရိမ်ဒဏ်ရာ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

တိုက်ပွဲငြိမ်သက်ပြီးနောက် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းဟာ ရမ်းဖိုရွာ ဘုန်းကြီးကျောင်းမှာ အရင်တပ်စွဲနေထိုင်ခဲ့ပြီးမှ မော်တုန်းရွာအခြေစိုက် ၃ဝ၆ တပ်ရင်းထဲကို ဆက်လက်ထွက်ခွာသွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက DVB ကို ပြောပါတယ်။

ဘန်းလမွတ်ဒေသခံတဦးက “ကျောက်ကားနဲ့ပဲ ပြန်သယ်သွားတယ်။ ၁ဝ ယောက်ကျော် ဝန်းကျင်လောက် အထိအခိုက် သေဆုံးရှိတယ်။ သူတို့ တိုက်ပွဲဖြစ်ပြီးတာနဲ့ သယ်သွားတာဆိုတော့ အတိအကျ ပြောမရဘူး ဖြစ်နေတယ်။ အမြောက်တပ် ၃ဝ၆ ထဲ မနေ့တည်းက ဝင်သွားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း ဇဝဲအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကနေ ထွက်ခွာလာတဲ့ စစ်‌ကောင်စီယာဉ်တန်းကို တနင်္သာရီမြို့နယ်၊ ဆီးအုန်းကုန်းဘက်မှာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကား ၃ စီး ထိခိုက်ပျက်စီးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြူကျေးရွာရှိ ကျေးလက်ဆေးပေးခန်းကို ဇူလိုင်၂ ရက် မနက် ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် PDF ရဲ​ဘော် ၄ ဦး ကျဆုံးခဲ့​တယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “ရေစကြိုဘက်ကလာတဲ့ စစ်ကြောင်းလို့ သိရတယ်ဗျ။ စစ်သားအင်အား များတယ်။ ရွာက ဆေးပေးခန်းကို ဝင်စီးတာ PDF ၄ ယောက် ကျသွားတယ်။ လက်နက်တွေလည်း ပါသွားတယ်။ ကျန်တဲ့ PDF တွေကတော့ ထွက်ပြေးသွားလို့ လွတ်သွားကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကြူကျေးရွာက ဒေသခံ ၅ ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံက “နဂါးညီနောင် ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တွေ ကျဆုံးသွားတာလို့တော့ ကနဦး သိထားရတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့နဲ့ အခုချိန်ထိ ချိတ်ဆက်လို့မရသေးဘူး” လို့ ပြောပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာတော့ ကြူရွာဆေးပေးခန်းက PDF တွေကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024