လက်ဘနွန်တောင်ပိုင်း ထိုင်းယာမြို့အနီးမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၃ ရက်မှာ သေဆုံးသွားတဲ့ စီနီယာ ဟစ်ဇ်ဘိုလာတပ်မှူး မိုဟာမဒ် နက်ဆာအတွက် လက်တုံ့ပြန်မှုတွေကို ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်ပြီး ပစ်မှတ်အသစ်တွေကိုလည်း ချဲ့ထွင်သွားမယ်လို့ ဘေရွတ်မှာကျင်းပနေတဲ့ နက်ဆာရဲ့ ဈာပနအခမ်းအနားမှာ ဟစ်ဇ်ဘိုလာအဖွဲ့က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။
သူတို့ရဲ့ ထိပ်တန်းတပ်မှူးကို သတ်ဖြတ်မှုအတွက် ရန်သူတွေးမထားတဲ့ နေရာအသစ်တွေကိုလည်း လက်တုံ့ပြန်ပြီး တိုက်ခိုက်သွားမယ်လို့ ဟစ်ဇ်ဘိုလာ အကြီးတန်းအရာရှိ ဟာရှမ် ဆာဖီယက်ဒင်က ပြောပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ကြာသပတေးနေ့မှာ အစ္စရေးနိုင်ငံကို ဒုံးကျည်နဲ့ ဒရုန်းတွေနဲ့ ကြီးကြီးမားမား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နက်ဆာကို အစ္စရေးက သတ်ဖြတ်မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးစစ်စခန်း ၁၀ ခုကို ဒုံးကျည် ၂၀၀ ကျော်နဲ့ ဒရုန်းတွေ အများအပြား ပစ်လွှတ်ခဲ့တယ်လို့ ဟစ်ဇ်ဘိုလာက ပြောပါတယ်။
ဒါဟာ နယ်စပ်တလျှောက် ဆက်တိုက် ပိုဆိုးလာနေတဲ့ ပဋိပက္ခတွေမှာ အခုနောက်ဆုံး အရှိန်အဟုန်နဲ့ အကြမ်းဖက်မှုလည်း ဖြစ်ပါတယ်။
အစ္စရေးစစ်တပ်ကလည်း လက်ဘနွန်ကနေ အစ္စရေးပိုင်နက်ထဲကို ဖြတ်ကျော်လာတဲ့ ဒုံးကျည် ၂၀၀ လောက်နဲ့ သံသယဖြစ်ဖွယ် လေကြောင်းပစ်မှတ် ၂၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြောကြားခဲ့ပြီး အများအပြားကို အစ္စရေးလေကြောင်းရန် ကာကွယ်ရေးစနစ်တွေနဲ့ တိုက်လေယာဉ်တွေက ကြားဖြတ် ဟန့်တားခဲ့တယ်လို့လည်း ဆိုပါတယ်။
မောင်းသူမဲ့လေယာဉ်တွေ ကြားဖြတ်ကျည်ဆန်တချို့ မီးလောင်ကျွမ်းခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဘာအသေအပျောက်မှ မရှိကြောင်း အစ္စရေး လူနာတင်ယာဉ်အဖွဲ့က ပြောဆိုပါတယ်။
လက်ဘနွန်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၃၀၀ ကျော်နဲ့ အရပ်သား ၉၀ လောက် သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
လက်ဘနွန်က ပစ်ခတ်မှုကြောင့် အစ္စရေးစစ်သား ၁၈ ဦးနဲ့ အရပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးက ပြောကြားခဲ့ပါတယ်။
Source-Reuters