ပြင်သစ်နိုင်ငံရဲ့ ဥပဒေပြုရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ပြင်သစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပရစ္စကာ သဲဗနော့ ဟာ ဇူလိုင် ၃ ရက် ညနေပိုင်းက ပါရီမြို့တော်ရဲ့ ဆင်ခြေဖုံးမြို့လေး မွတ်ဒွန်မှာ သူ့ရဲ့မဲဆွယ်အဖွဲ့နဲ့အတူ မဲဆွယ်လှုပ်ရှားမှု လုပ်ဆောင်နေချိန်မှာ တိုက်ခိုက်ခံခဲ့ရကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီး ယဲရဲလ် ဒါးမနာ့ က ပြောပါတယ်။
တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လူ ၄ ဦးကို ဖမ်းဆီးထားကြောင်းလည်း ဆိုပါတယ်။
သဲဗနော့နဲ့ သူ့အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက မဲဆွယ်စည်းရုံးရေး ပိုစတာတွေ လွှင့်တင်နေတုန်းမှာ အမည်မသိ လူငယ် ၁၀ ဦးလောက်က မဲဆွယ်ပိုစတာတွေကို ဖျက်ဆီးခဲ့ကြတာပါ။
ဒီတိုက်ခိုက်မှုမှာ သဲဗနော့ ကိုယ်တိုင် ထိခိုက်မှုမရှိပေမဲ့ သူ့လက်ထောက်နဲ့ ပါတီ တက်ကြွလှုပ်ရှားသူတဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သဲဗနော့က လီပါရီစယန် သတင်းစာကို ပြောပါတယ်။
အနီးနားမှာ နေထိုင်တဲ့ ဒေသခံ မြို့တော်ကောင်စီဝင် အာဗေဒိခ် ဘာတိခယန်လည်း တိုက်ခိုက်မှု ဖြစ်ပွားနေတာကို မြင်ပြီး မဲဆွယ်စည်းရုံးရေးအဖွဲ့ဆီ ချက်ချင်း ရောက်ရှိလာပါတယ်။ တိုက်ခိုက်ခံရသူတယောက်က မေးရိုးကျိုးသွားတယ်လို့ ဆိုပါတယ်။
သံသယရှိသူတွေကို မွတ်ဒွန် ရဲစခန်းမှာ ဇူလိုင် ၄ ရက်က စစ်ဆေးခဲ့ပါတယ်။ မွတ်ဒွန်းမြို့မှာ ၅၄ နှစ်ကျော် နေထိုင်လာတဲ့ အသက် ၇၆ နှစ်အရွယ် မိုဟာမဒ် မက်ဟာက တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ကျူးလွန်သူတွေဟာ “လူဆိုးလူမိုက်” တွေလို့ ပြောပါတယ်။
ပန်းအလှပြင်ဆိုင်မှ ယဲဟာ့ဒ် ဖာ့ဗ် ကတော့ ဒီအကြမ်းဖက်မှုဟာ မဲဆန္ဒရှင်တွေအကြား နိုင်ငံရေးသမားများအပေါ် မုန်းတီးမှုတခုဖြစ်တယ်လို့ ဆိုပါတယ်။
မုသားစကားတွေ၊ မတည်တဲ့ ကတိတွေချည်းပဲ ပြောနေကြတဲ့ ဒီနိုင်ငံရေးလူတန်းစားတွေကို ပြည်သူတွေက ငြီးငွေ့နေပြီးတော့ အမုန်းတရားတွေ အများကြီး ပျံ့နှံ့နေတာလို့ ပြောသွားပါတယ်။
တနင်္ဂနွေနေ့ ရွေးကောက်ပွဲ ဒုတိယအကျော့မှာ မာဟီး လီပန်ရဲ့ လက်ယာစွန်း အမျိုးသား အစုအဝေး (RN) ဟာ ပထမဆုံးအကြိမ် ပါလီမန်အများစုကို ရယူထားခြင်း ရှိ မရှိနဲ့ ယူရိုဇုန်ရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ပြင်သစ်မှာ နောက်ထပ် အစိုးရ ဖွဲ့နိုင် မဖွဲ့နိုင် အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။
နိုင်ငံရေးတင်းမာမှုတွေကြောင့် မဲဆွယ်မှုတွေ ပျက်ပြားခဲ့ရသလို အကြမ်းဖက်မှုတွေလည်း ကြီးထွားလာခဲ့ပါတယ်။
Source-Reuters