Home
မြန်မာသတင်း
ကလေးမြို့တွင် စစ်ကျန်ဗုံးသီးပေါက်ကွဲပြီး ကလေး ၁ ဦးသေဆုံး၊ စစ်တပ်လက်နက်ကြီးကြောင့် ကျိုက်ထိုဒေသခံ ၁ ဦး ဒဏ်ရာရ
DVB
·
July 5, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာရွာမှာ ဇူလိုင် ၃ ရက်က စစ်လက်ကျန် မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ယူဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး အသက်မပြည့်သေးတဲ့ စစ်ဘေးရှောင် ကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ ထိုမာရွာခံတွေက ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၈ နှစ်အရွယ် မောင်ပြည့်ဖြိုး‌အောင် ဖြစ်ပြီး ဗုံးသီးပေါက်ကွဲကာ ခြေ၊ လက်၊ မျက်နှာ၊ ဝမ်းဗိုက်တွေမှာ ထိခိုက်ဒဏ်ရာရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ။

ထိုမာရွာခံတဦးက “လယ်တောမှာချထားတဲ့ မကွဲသေးတဲ့အလုံးကို အစ်ကိုတွေက စစ်ရှောင်တဲ့ တောထဲကို ယူထားတာ။ အဲဒါကို ယူပြီး ကလေးက ဆော့ရာကနေ ကွဲတာပါ” လို့ ပြောပါတယ်။

ပေါက်ကွဲသွားတဲ့ ဗုံးသီးအမျိုးအစားဟာ အီနာဂါ ဗုံးသီးအမျိုးအစားဖြစ်ပြီး အဲဒီဗုံးသီးကိုတော့ စစ်ကောင်စီဘက်က အသုံးများလေ့ရှိတယ်လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်ကလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သာလင်းရွာမှာ မပေါက်ကွဲသေးတဲ့ စစ်ကျန်ဗုံးသီးကို ဆော့ကစားရာက အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေးတဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်တာကြောင့် အမျိုးသားတဦး ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ တကေးချောင်းဖျားရွာ မောင်တုကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တို့က ဇူလိုင် ၄ ရက် ည ၈ နာရီကျော်ကနေ ည ၁၀ နာရီအထိ လက်နက်ကြီး အလုံး ၂၀ ထက်မနည်း အနီးနားရှိ ကျေးရွာတွေကို ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ငှက်ပျောတောကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဦးဖိုးရှုပ် ဒဏ်ရာရပြီး နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ပါတယ်။

ကျိုက်ထိုမြို့ခံတဦးက “လက်နက်ကြီးနဲ့ ၃ နေရာခွဲပစ်တာ။ မိုးဘော နတ်စင်ဘက်ရယ်၊ ဆောင်နိုင်ကြီးဘက်ရယ်၊ ငှက်ပျောတောဘက်ရယ်ကို ပစ်တာ။ ကျန်တဲ့နှစ်ဖက်က တောတွေထဲကျလို့ လူထိခိုက်တာမရှိဘူး။ ငှက်ပျောတောဘက်ကိုကျတော့ လူနေအိမ်ပေါ်တွေ ကျပြီး ဦးလေး‌တယောက် ဒဏ်ရာရတယ်။ အိမ် ၂လုံး ပျက်စီးတယ်” လို့ ပြောပါတယ်။

ကျိုက်ထိုမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ပိုင် ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးဖို့ စီစဉ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“အခု သူတို့က လက်နက်ကြီးတွေ နေရာအနှံ့ပစ်ပြီး စစ်ကြောင်းထိုးဖို့ စီစဉ်နေတယ်လို့ အတွင်းသတင်းတွေအရ ကျနော်တို့သိထားတယ်။ အခုအခြေအနေက သတိထားပြီး နေနေရတယ်။ စစ်တပ်က ဒီဘက်ကို စစ်ကြောင်းမထိုးတာ ၂ နှစ်ကျော်ပြီ။ ပထမလကစပြီး စစ်ကြောင်းပြန်ထိုးတာဆိုတော့ ဘာအစီအစဉ်တွေရှိလဲ မသိဘူး။”

ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအနီးကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ PDF တပ်ဖွဲ့တွေကြား ဇွန် ၂၀ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးတာနဲ့ စစ်တပ် တပ်ရင်းတွေက လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာ ၁၀ ရွာကျော်က အရပ်သားပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေး‌တိမ်းရှောင်ခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024