ချင်းပြည်နယ်၊ တီးတိန်မြို့ မြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ကြရတဲ့ ဒေသခံအချို့ နေရပ်ပြန်နေကြပြီး မြို့ထဲမှာ တိုက်ပွဲကျန် လက်နက်ပစ္စည်းတွေ ကျန်ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇွန်လကုန်ပိုင်းကစပြီး တီးတိန်မြို့ခံတွေ နေရပ်ပြန်နေထိုင်နေကြပြီး စာသင်ကျောင်းတချို့လည်း ဖွင့်လှစ်နေပြီလို့ သိရပါတယ်။
တီးတိန်စစ်ဘေးရှောင် အကူအညီပေးသူတဦးက “ပြန်တဲ့သူလည်းရှိနေပြီ၊ ဒီရက်ပိုင်းမှာ အခြေအနေကောင်းလို့ ပြန်လာနေကြတာ။ တိုက်ပွဲထဲ မီးလောင်တဲ့အိမ် ၆၅ အိမ်ဝန်းကျင်ကတော့ ပြန်စရာမရှိတော့ဘူး” လို့ ပြောပါတယ်။
တီးတိန်မြို့ပေါ်ရပ်ကွက် လူနေအိမ် ခြံဝန်းတွေမှာ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းနဲ့ လက်နက်ကြီးကျည်တွေ ကျန်ရှိနေတဲ့အတွက် မြို့ခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
တီးတိန်မြို့ခံတဦးက “မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ မြို့ထဲက ခြံဝန်းတွေ လမ်းကြားတွေမှာ ကျန်နေတယ်။ အခုထိ မဖယ်ရှားပေးသေးဘူး။ ဖယ်ပေးစေချင်နေပြီ။ ရာသီဥတုက နေပူလိုက် မိုးရွာလိုက်ဆိုတော့ ပေါက်ကွဲမှာကို ကြောက်ရတယ်။ တိရစ္ဆာန်တွေ နင်းမိတာတို့၊ ကလေးတွေ ကစားမှာတို့ကြောင့်လည်း ပေါက်ကွဲနိုင်လို့ စိုးရိမ်နေရတယ်” လို့ ပြောပါတယ်။
မတ် ၂၈ ရက်ကစပြီး တီးတိန်မှာ ချင်းညီနောင်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်လို့ မြို့ခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ဇွန် ၁၈ ရက်မှာ ချင်းညီနောင်က မြို့ကို အပြီးသတ် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။